သြစတြေးလျရဲတပ်ဖွဲ့

June 7, 2019

ABC သတင်းဌာန ရုံးချုပ်ကို သြစတြေးလျရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်း

သြစတြေးလျရဲတပ်ဖွဲ့ဟာ  ဆစ်ဒနီမြို့အခြေစိုက် သြစတြေးလျရုပ်သံ ကော်ပိုရေးရှင်း ABC သတင်းဌာန ရုံးချုပ်ကို ဇွန်လ ၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။ ကန့်သတ်သတင်းအချက်အလက် ပေါက်ကြားမှုဆိုင်ရာ ရာဇဝတ်မှုနဲ့ ပတ်သက်လို့ စီးနင်းခဲ့တာလို့ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) က ပြောပါတယ်။ နောက်ပိုင်းမှာတော့ ဒီဖြစ်ရပ်မှာ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို လက်ခံမှုအတွက် ရာဇဝတ်မှုတွေပါ ပါဝင်ပတ်သက်နေတယ်လို့ ရဲတပ်ဖွဲ့က သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်က ကြေညာချက်ကို ပြင်ဆင်ရေးသားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မီဒီယာကို ဆန့်ကျင်နေတယ်၊ သတင်းထောက်တွေကို နှိပ်ကွပ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ပြောဆိုချက်တွေကိုတော့ ပယ်ချပါတယ်။ သြစတြေးလျ ပြည်ထောင်စု ရဲကော်မရှင်နာမင်းကြီး နေးလ် ဂါအန်က ရဲတပ်ဖွဲ့ဟာ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ခိုင်ခိုင်မာမာ ထောက်ခံတယ်၊ မီဒီယာဟာ ဒီနေ့ခေတ် သြစတြေးလျ လူ့အဖွဲ့အစည်းအတွင်း သတင်းတွေကို အကြောင်းကြားပေးနေတဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ တာဝန်ထမ်းနေပါတယ်လို့ ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ တပ်ဖွဲ့ဝင်တွေရဲ့ လက်မခံနိုင်တဲ့ အပြုအမူတွေနဲ့ ပတ်သက်တဲ့ ၂၀၁၇ တုန်းက သတင်းတွေနဲ့ ပတ်သက်ပြီး ရုံးကို စီးနင်းခံရတာလို့ ABC သတင်းဌာနက ပြောပါတယ်။ သြစတြေးလျ အာဏာပိုင်တွေနဲ့ လွှတ်တော်အမတ်တွေကတော့ သတင်းထောက်တွေဟာ သက်ဆိုင်သူအတွက် သီးသန့်ကန့်သတ်ထားတဲ့ သတင်းအချက်အလက်တွေ စုဆောင်းမှုအတွက် ထောင်ဒဏ် ရင်ဆိုင်ရနိုင်တယ်လို့ ဇွန်လ ၆ ရက်မှာ ပြောလိုက်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အခြေခံဥပဒေမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ထိန်းချုပ်ကန့်သတ်တာ မရှိပါဘူး။ ၂၀၁၈ ခုနှစ်ရောက်မှ သူလျှိုမှုတုံ့ပြန်ရေး ဥပဒေတွေကို အစိုးရက သိသိသာသာ မြှင့်တင် ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါဟာလည်း သတင်းပေးတွေရဲ့ရန်ကို ကာကွယ်ဖို့လို့ ပြောပါတယ်။
3 years Ago

June 3, 2019

ဖမ်းဝရမ်းထုတ်ခံထားရသည့် တက်တူးစတားက သြစတြေးလျရဲတပ်ဖွဲ့ကို လှောင်ပြောင်

သြစတြေးလျရဲတပ်ဖွဲ့ဟာ နိုင်ငံတွင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အသက် ၂၃ နှစ်အရွယ် တကိုယ်လုံးနီးပါး တက်တူးထိုးထားသူ အီသန်ဘရမ်ဘလီကို ဖမ်းဝရမ်းထုတ် လိုက်လံရှာဖွေနေပါတယ်။ အီသန်ဘရမ်ဘလီကတော့ သူဟာ အမှားတခုမှ လုပ်ခဲ့တာမရှိဘူးလို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်ကနေ ဖြေရှင်းသွားခဲ့ပြီး သြစတြေးလျ ရဲတပ်ဖွဲ့ကိုလည်း မခံချိမခံသာဖြစ်အောင် လှောင်ပြောင်သရော်ခဲ့တယ်လို့ Pattayaone သတင်းမှာ မေ ၃၁ ရက်နေ့က ဖော်ပြပါတယ်။ မော်ဒယ်တဦးဖြစ်တဲ့ ဘရမ်ဘလီဟာ သူ့တကိုယ်လုံးနီးပါး တက်တူးတွေနဲ့ ဖုံးအုပ်ထားပြီး လျှာကိုလည်း နှစ်ခွဖြစ်အောင် ဖန်တီးထားတာပါ။ ဒ့ါကြောင့်လည်း သူဟာ သူ့ကိုယ်သူ ကမ္ဘာပေါ်မှာ ပြုပြင်မှုအများဆုံး လူငယ်တဦးအဖြစ်လည်း သတ်မှတ်ထားပါတယ်။ ခန္ဓာကိုယ်မှာ အပေါက်တွေဖောက်တာ၊ မျက်လုံးပါမချန် တက်တူးထိုးထားတာ စတဲ့ ဆန်းပြားတဲ့ ပုံသဏ္ဌာန်ကြောင့် နာမည်ကျော်လာတဲ့ ဘရမ်ဘလီက “ခင်ဗျားတို့ ကျုပ်ကို ဘယ်တော့မှ ဖမ်းမိမှာမဟုတ်ဘူး” လို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောပါတယ်။ သူ့ကိုရှာတွေ့ရင် သတင်းပေးဖို့ ရဲတပ်ဖွဲ့က တိုက်တွန်းထားတဲ့ ပို့စ်တခုအောက်မှာ ဘရမ်ဘလီက အခုလို လှောင်ပြောင်သရော်ထားခဲ့တာပါ။ ဘရမ်ဘလီဟာ ဒီလိုမျိုး ရဲတပ်ဖွဲ့ကို ခနဲ့တဲ့ စာသားတွေကိုလည်း သူ့ အင်စတာဂရမ်ကောင့်မှာလည်း ရေးထားပါသေးတယ်။ ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ပြန်ထားပေမယ့် ဘရမ်ဘလီကတော့ ဒါဟာ နားလည်မှုလွဲတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗစ်တိုးရီးယား ရဲတပ်ဖွဲ့ကတော့ သူ့အတွက် ထုတ်ပြန်ထားတဲ့ ဝရမ်းဟာ အခုချိန်ထိ အသက်ဝင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
3 years Ago
Up