သြစတြေးလျနိုင်ငံတလွှား ပြည်နယ်တွေမှာ ပြင်းထန်တဲ့ ရာသီဥတု သက်ရောက်မှုတွေ ကြုံတွေ့ခံစားနေရပြီး ဇန်န၀ါရီ ၃၀ ရက်မှာတော့ တက်စ်မေးနီးယားပြည်နယ်ရဲ့ အစိတ်အပိုင်း အတော်များများမှာလည်း တောမီး အကြီးအကျယ် လောင်ကျွမ်းနေပါတယ်။
တက်စ်မေးနီးယန်း မီးသတ်သမားတွေဟာ ဝေးလံခေါင်ဖျား နေရာတွေက မီးညွန့်တွေကို ထိန်းချုပ်နိုင်ဖို့အတွက် တခြားပြည်နယ်တွေနဲ့ နယူးဇီလန်နိုင်ငံက အထောက်အကူပြု အဖွဲ့တွေနဲ့ ပူးပေါင်းငြှိမ်းသတ်နေပါတယ်။
ပြည်နယ်ရဲ့ အနောက်မြောက်ဘက်စွန်း နေရာကျယ်ကြီးတွေမှာ လောင်ကျွမ်းနေတဲ့ မီးတွေကို ငြှိမ်းသတ်ဖို့ မီးသတ်သမား အယောက် ၄၀ လောက်ထိ စုပေါင်း လုပ်ကိုင်နေကြရပြီး အိုမင်းဟောင်းနွမ်းနေတဲ့ နေအိမ်တွေမှာ နေသူတွေကိုလည်း ကမ်းခြေတွေဘက်ကို နေရာပြောင်းရွှေ့ပေးထားရပါတယ်။
ဇန်န၀ါရီ ၃၀ ရက်နေ့က အဲ့ဒီဒေသမှာ မိုးရွာချပေမယ့်လည်း မီးတွေ ငြိမ်းသွားတဲ့အထိတော့ မများခဲ့ပါဘူး။
အရေးပေါ်ကိစ္စ မော်တော်ယာဉ်တွေကလွဲလို့ အဓိက လမ်းမကြီးတခုကို ယာဉ်အသွားအလာ အားလုံး ပိတ်ထားတယ်လို့ အဲ့ဒီပြည်နယ်ထဲက အာသာမြစ်နဲ့ နယ်လ်ဆင် ပင်လယ်ကွေ့နားမှာ နေထိုင်သူတွေကို ရဲက သတိပေးထားပါတယ်။
နယူးဆောက်သ်ဝေးလ်ပြည်နယ်မှာတော့ မြို့ထဲကို လေမုန်တိုင်း တိုက်ခတ်သွားပြီးနောက် ဇန်န၀ါရီ ၃၁ ရက်နေ့မှာ အာဏာပိုင်တွေက သန့်ရှင်းရေးတွေ လုပ်ဆောင်နေကြပြီး အိမ်ပေါင်း ၇ သောင်းကျော်လောက် လျှပ်စစ်မီး ပြတ်တောက်သွားရပါတယ်။
သြစတြေးလျရဲ့ တခြားအပိုင်းတွေမှာလည်း ပြင်းထန်တဲ့ မုန်တိုင်းဒဏ်တွေကို ခံစားနေကြရပါတယ်။
ဆစ်ဒနီအနောက်ဘက်မှာ လေမုန်တိုင်းဒဏ်သင့် လူ ၂၀၀ လောက်ကို နေရာပြောင်းရွှေ့ခဲ့ရပါတယ်။
နိုင်ငံတော် အရေးပေါ်ဝန်ဆောင်မှုအဖွဲ့ (SES) ဆီ အကူအညီတောင်းခံတဲ့ ဖုန်းခေါ်ဆိုမှုပေါင်း ၁၀၀၀ လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။
သြစတြေးလျရဲ့ အနောက်မြောက်ကမ်းခြေကို ဖြတ်သန်းလာတဲ့ အပူပိုင်း ဆိုင်ကလုန်းဟာ ဇန်န၀ါရီ ၃၁ ရက် အစောပိုင်းမှာတော့ အားပျော့သွားပါတယ်။
ဒါပေမယ့်လည်း ကုန်းတွင်းနေ ဒေသခံ အသိုင်းအ၀ိုင်းတွေကိုတော့ အနီရောင်အဆင့် တပ်လှန့်ထားပြီး ရေကြီးရေလျှံတာတွေ၊ မုန်တိုင်းဘေးဒဏ် အန္တရာယ်တွေလည်း ကျန်ရှိနေပါသေးတယ်။
7 years Ago