သြစတြေးလျတွင်

March 25, 2018

သြစတြေးလျတွင် မုန်တိုင်းဝင်ရောက်မှုကြောင့် လေပြင်းများ တိုက်ခတ်

သြစတြေးလျမြောက်ပိုင်းမှာ မတ်လ ၂၄ ရက်နေ့က အဆင့် ၃ ရှိ အပူပိုင်း ဆိုင်ကလုန်း နော်ရာ ၀င်ရောက်ခဲ့တာကြောင့် လေပြင်းတွေ တိုက်ခတ်ပြီး မိုးကြီးခဲ့ပါတယ်။ မြောက်ပိုင်း ကွင်းစလန်ပြည်နယ်ရှိ ယော့အငူကို မုန်တိုင်း ၀င်ရောက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတဲ့ သတင်းကိုတော့ မသိရှိရသေးပါဘူး။ ဒါပေမယ့်လည်း နေအိမ် ၂၃၀ ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဓာတ်အားပေးကုမ္ပဏီက ဆိုပါတယ်။ မိုးလေ၀သဌာနက အဆင့် ၄ အထိ ရောက်နိုင်တယ်လို့  ကြိုတင်ခန့်မှန်းထားပေမယ့် ကွင်းစလန်ပြည်နယ် ၀င်ရောက်ချိန်မှာတော့ မုန်တိုင်း အားပျော့သွားခဲ့ပါတယ်။ နော်ရာ မုန်တိုင်းကြောင့် လေတိုက်နှုန်း တနာရီ ကီလိုမီတာ ၁၀၀ အထိ တိုက်ခတ်ခဲ့ပြီး မိုးရေချိန် ၁၁၀ မီလီမီတာ ရွာသွန်းခဲ့ပါတယ်။ အခုအခါ နော်ရာ မုန်တိုင်းဟာ အဆင့် ၂ ကို ကျဆင်းသွားပြီး တောင်ဘက်ကို ဆက်လက်ရွေ့လျားနေကာ ကောင်ဝမ်ယာမာမြို့ကို ရောက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago

သြစတြေးလျတွင် ဝေလငါး ၁၅၀ ကမ်းပေါ်တင်လာ (ရုပ်သံ)

သြစတြေးလျအနောက်ဘက်မှာ ဝေလငါး အကောင် ၁၅၀ ကမ်းပေါ်တင်လာလို့ ကယ်ဆယ်ရေးတွေ ကူညီပြီး ပင်လယ်ထဲ ပြန်လည်တွန်းပို့ခဲ့တယ်လို့ သိရပါတယ်။ ပါ့သ်တောင်ဘက် ၃၁၅ ကီလိုမီတာအကွာမှာရှိတဲ့ ဟမ်းမလင်းပင်လယ်အော် ကမ်းစပ်ဆီ ဝေလငါးတွေ ကမ်းတင်လာလို့ မတ် ၂၃ ရက်နေ့မှာ ကယ်ဆယ်ရေးတွေ စတင်လုပ်ဆောင်ခဲ့ရပြီး ဒီဝေလငါးတွေက ဆူးတောင်တို ပိုင်းလော့ဝေလငါးတွေလို့ ယူဆရပါတယ်။ ကမ်းတင်လာတဲ့ ဝေလငါးကြီးတွေကို စီးပွားဖြစ်ငါးဖမ်းသမားတွေက မတ်လ ၂၃ ရက်နေ့ မနက်ပိုင်းမှာ တွေ့ခဲ့တာပါ။ အဲဒီနေ့အကုန်ပိုင်းမှာတော့ ဝေလငါး ၁၅ ကောင်ပဲ အသက်ရှင်တယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးတွေက ဝေလငါးတွေ အသက်ရှင်အောင် ဂရုစိုက်ပေးခဲ့ရပြီး ပင်လယ်ပြင်ထဲ ပြန်လည်တွန်းပို့ခဲ့ရပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကလည်း အဲ့ဒီပင်လယ်အော်နေရာ ကမ်းစပ်ပေါ်မှာ ဝေလငါး အကောင် ၈၀ နဲ့ လင်းပိုင်တွေ ကမ်းတင်လာပြီး သေဆုံးခဲ့တယ်လို့ စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago

March 9, 2018

သြစတြေးလျတွင် မိုးကြိုးပစ်ခံရမှုကြောင့် နွားများသေဆုံး

သြစတြေးလျ လယ်သမားတဦး သူ့နွား ၆ ကောင် အတန်းလိုက် သေဆုံးနေတာ တွေ့ခဲ့ရပြီး ကျွမ်းကျင်သူတွေက မိုးကြိုးပစ်ခံရလို့ နွားတွေ တပြိုင်နက်တည်း သေဆုံးခဲ့တာလို့ ပြောပါတယ်။ ပြီးခဲ့တဲ့အပတ် ကွင်းစလန်ပြည်နယ် ပက်ဒေါ့မြို့မှာ မုန်တိုင်းအကြီးအကျယ်တိုက်လို့ ရက်အနည်းငယ်ကြာပြီးတဲ့နောက် ဝါယာသံဆူးကြိုးတွေနားမှာ နွားသေတွေကို တွေ့ခဲ့တာလို့ ဆိုပါတယ်။ ရှာတွေ့ချိန်မှာ တော်တော်လန့်သွားတယ်လို့ နွားပိုင်ရှင် ဒဲရက်ရှာလေက ပြောပြီး ဆစ်ဒနီတက္ကသိုလ်က မွေးမြူရေးကျွမ်းကျင်သူ ဒေါက်တာဆာဘရီနာလိုမက်စ်ကတော့ နွား ၆ ကောင် သံဆူးကြိုးတွေကို ထိမိချိန် သေဆုံးသွားတာလို့ ယူဆနေပါတယ်။ “အကြီးအကျယ် နှလုံးထိခိုက်ပြီး နွားတွေ ချက်ချင်းသေသွားတယ်လို့” ဒေါက်တာဆာဘရီနာက ပြောပါတယ်။ နွားပိုင်ရှင် မစ္စတာရှာလေက သူ့နွားတွေ အဆိပ်မိလို့ သေဆုံးတယ်လို့ ဦးဆုံးထင်ခဲ့ပြီး သိပ္ပံပညာပိုင်း ဆန်းစစ်လေ့လာသူ ဒေါက်တာကားလ်ခရူဇယ်နစ်ကီက မိုးကြိုးမြေကြီးပေါ်ကို ပစ်ချိန် နွားတွေက ထိတ်လန့်သွားတာဖြစ်မယ်လို့ ပြောပါတယ်။ “လျှစ်စီးကြောင်းက နွားတွေရဲ့ အနောက်ခြေထောက်တွေကို ထိမိပြီး ခန္ဓာထဲ လျှစ်စီးဝင်သွားတယ်၊ ပြီးတော့ နှလုံးထိခိုက်သွားတယ်” လို့ ဒေါက်တာကားလ်က သြစတြေးလျသတင်းဌာန ဘရုတ်ကက်စတင်းကော်ပိုရေးရှင်း (Australia Broadcasting Cooperation) ကို ပြောပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း နော်ဝေးနိုင်ငံမှာ သမင်အကောင် ၃၀၀ မိုးကြိုးပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဘီဘီစီသတင်းမှာ မတ်လ ၈ ရက်နေ့က ဖော်ပြထားပါတယ်။
3 years Ago
Up