သြစတြေလျနိုင်ငံသား

December 3, 2015

ဖမ်းဆီးခံခဲ့ရသည့် သြစတြေးလျနိုင်ငံသား၏အလောင်း ပတ္တရားမြို့အနီး တွေ့ရှိ

နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့မှာ မျက်နှာဖုံးဝတ် သေနတ်သမားတွေ ချုပ်နှောင်ခေါ်ဆောင်သွားခဲ့တဲ့ သြစတြေးလျနိုင်ငံသားရဲ့ ရုပ်အလောင်းကို ပတ္တရားမြို့အနားမှာပဲ ပြန်လည်တွေ့ရှိ တူးဖော်ခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သေဆုံးခဲ့သူ အသက် ၃၈ နှစ်အရွယ် သြစတြေးလျနိုင်ငံသား ၀ိန်း ရှနိုက်ဒါ (Wayne Schneider) ဟာ အရင်က ဟာလီဒီဗီဆန်ဆိုင်ကယ်စီး Hells Angels ဂိုဏ်းဝင်တဦးဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ရာဇ၀တ်မှတ်တမ်းရှိသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့  ဇိမ်ခံနေအိမ်ကနေ ဖမ်ဆီးခေါ်ဆောင်သွားသူ အားလုံးဟာ ထိုင်းနိုင်ငံသားတွေ မဟုတ်ကြဘဲ သြစတြေးလျနိုင်ငံသား အန်တိုနီယို ဘဂ်နာတို (Antonio Bagnato)  ဆိုသူလည်း ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယုံကြည်ထားပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။ ထိုင်းရဲချုပ် ဘွာရပ်ဘ်ပေါင် (Buarubporn) ကတော့ ဒီလူသတ်မှုဟာ  မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်နိုင်ပြီး အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်စုံစမ်းနေတယ်လို့လည်း ပြောပါတယ်။ သတ်ဖြတ်ခံရသူ ၀ိန်း ရှနိုက်ဒါဟာ ၂၀၀၆ ခုနှစ်က သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးပြည်နယ်က အလိုရှိဆုံး လူဆိုးစာရင်းဝင် ၁၀ ယောက်ထဲ ပါဝင်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ တလအတွင်း အခုလိုသတ်ဖြတ်ခံရတာလို့လည်း အေအက်ဖ်ပီ သတင်းတရပ်က ဆိုပါတယ်။
6 years Ago
Up