မြန်မာနိုင်ငံမှာ ကြံ၊ သကြားဥပဒေ မပေါ်ပေါက်သေးဘဲ ကြံ့ကြာနေလို့ ကြံစိုက်တောင်သူတွေနဲ့ သကြားထုတ်လုပ်သူတွေအကြား ပြဿနာတွေ မဖြေရှင်းနိုင်ဘဲ ဖြစ်ပါတယ်။
ကြံရာသီပေါ်ချိန်မှာ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းမြောက်ပိုင်းက သကြားထုတ်လုပ်တဲ့ စက်ရုံလုပ်ငန်းတွေမှာ တောင်သူတွေဆီကနေ ကြံဝယ်ယူရာမှာ တတန်ကို ကျပ် ၄ သောင်းကနေ ကျပ် ၈ သောင်းထိ ကွဲလွဲမှုတွေ ရှိနေပါတယ်။ ဒါကြောင့် ကြံတန်ချိန်ကို ဈေးနူန်းတည်ငြိမ်စွာ သတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ကြံတောင်သူတွေကဆိုပါတယ်။
ပြည်ပ သကြားတင်သွင်းမှုနဲ့ တရုတ်ပြည်ဘက် တင်ပို့မယ့် သကြားတန်ချိန် အတိအကျ သတ်မှတ်မှု မရှိတာကြောင့်လည်း လက်ရှိ ပြည်တွင်း သကြားရောင်းဝယ်ရေးမှာ ဈေးကွက်တည်ငြိမ်မှု မရှိဘဲ ဖြစ်နေတယ်လို့ သကြားကုန်သည်တွေက ပြောပါတယ်။
မြန်မာနိုင်ငံ၊ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း မန္တလေးတိုင်း ဥက္ကဋ္ဌ ဦးစိုးလင်းက “ကြံ၊ သကြားဥပဒေ ပေါ်ပေါက်လာရင် ကြံတောင်သူတွေအတွက် cover ဖြစ်တယ်။ ဥပဒေမှာ တောင်သူ၊ သကြားထုတ်စက်ရုံ၊ နိုင်ငံတော်နဲ့ သုံးစွဲသူတွေရဲ့ အကျိုးစီးပွားကို ထိန်းညှိပြီး ပြဋ္ဌာန်းမှာပါ”လို့ ပြောပါတယ်။
နှစ်နှစ်ကျော်ကြာ ရေးဆွဲပြီး ဖြစ်ပေမယ့် ကြံ၊ သကြားဥပဒေ ပေါ်ပေါက်ဖို့ ကြန့်ကြာမူတွေ ရှိနေတာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သကြားစက်ရုံတွေ သကြားရောင်းဝယ်သူတွေ၊ သကြားကုန်ကြမ်းသုံး စားသောက်ကုန်လုပ်ငန်းရှင်များ အသင်းတွေ အပါအဝင် ကြံစိုက်တောင်သူတွေပါ ပါဝင်မယ့် ကြံ၊ သကြားဥပဒေ ပေါ်ပေါက်ရေး ဆွေးနွေးပွဲနဲ့ အလုပ်အမှုဆောင်ရွေးပွဲကို မေလ ၂၀၊ ၂၁ မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
မေလ ၁၀ ရက်နေ့ ပြည်တွင်း ကြံ၊ သကြားဈေးကွက်မှာ ပေါင်းသကြား တပိဿာ ပေါက်ဈေး ၁၂၂၀ ကျပ် ဖြစ်ပြီး မေလဆန်းကထက် ကျပ် ၂၀ ဈေးမြင့်တက်လာပါတယ်။
3 years Ago