ကြားဖြတ်ရွေးကောက်ပွဲအကြောင်း

March 7, 2017

ကြားဖြတ်ရွေးကောက်ပွဲအပေါ်လူထုစိတ်ဝင်စားမှု အားရစရာမရှိ

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ တုံ့ပြန်မှုက ထင်ထားသလောက် အားရစရာ အခြေအနေမှာ မရှိဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက မတ်လ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြောပါတယ်။ လစ်လပ်မဲဆန္ဒနယ်မြေ ၁၉ နေရာအတွက် ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲစာရင်းတွေကို လာရောက်ကြည့်ရှုသူ ၁၂ ရာခိုင်နှုန်းသာ ရှိတဲ့အတွက် အရမ်းနည်းပါးတယ်လို့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲက ပြောလိုက်တာပါ။ ပထမအကြိမ် မဲစာရင်းကပ်ရာမှာ မှားယွင်း ပြင်ဆင် ကန့်ကွက်တာတွေအပေါ် ပြန်လည်ပြင်ဆင်ထားတဲ့ ဒုတိယအကြိမ် မဲစာရင်းကိုတော့ မတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပေးသွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ လာရောက်ကြည့်ရှုဖို့ကို အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ဝိုင်းဝန်းကူညီဖို့ ကော်မရှင်က တိုက်တွန်းပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအကြား အားလုံးပါဝင်တဲ့ မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကိုတော့ မတ်လ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
4 years Ago

February 15, 2017

ကြားဖြတ်ရွေးကောက်ပွဲအကြောင်း အများပြည်သူသိရှိမှု နည်းပါးနေ

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ သိရှိမှုက ထက်ဝက်ကျော်ကျော်သာ ရှိတယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ ယုံကြည်ရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE) က ဖော်ဖော်ဝါရီ ၁၃ ရက်က မီဒီယာတွေနဲ့ တွေ့ဆုံစဉ် ပြောပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး ၈ ခုရှိ  မြို့နယ် ၂၂ မြို့နယ်မှ ကျေးရွာနဲ့ရပ်ကွက် ၈၀ မှာ လိုက်လံစစ်တမ်းကောက်တဲ့အခါ ၆၂ ရာခိုင်နှုန်းကသာ ကြားဖြတ်ရွေးကောက်ပွဲရှိတာကို သိတယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းတွေမှာလည်း အားနည်းမှုတွေရှိနေပြီး ကြေညာပြသရာနေရာတွေရဲ့ ထက်ဝက်ကျော်မှာ အသိပညာပေးလုပ်ငန်းတွေကို မတွေ့ဘူးလို့ PACE အဖွဲ့ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး မဲစာရင်း စတင်ကြေညာတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ တပတ်အတွင်း မဲစာရင်းလာကြည့်သူ ၆ ရာခိုင်နှုန်းသာ ရှိတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
4 years Ago
Up