ကြားဖြတ်ရွေးကောက်ပွဲတွင်

June 12, 2018

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အားလုံး အန်အယ်လ်ဒီ ၀င်ပြိုင်မည်

  လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအနေနဲ့ လာမယ့် နိုဝင်ဘာလကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာအားလုံး ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာစလုံး ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီ ဖြစ်သလို ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ဌာနချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်နေပြီလို့ ပါတီရဲ့ ပြန်ကြားရေးအဖွဲ့ ၀င် တဦးကပြောပါတယ်။ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက်  လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း စိစစ်တဲ့အခါမှာတော့ အရင် ရွေးကောက်ပွဲတွေတုန်းက ရွေးချယ်ခဲ့သလိုမျိုးပဲ စိစစ်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။ လာမယ့် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှတော့ အန်အယ်လ်ဒီ ပါတီအနေနဲ့ တိုင်းဒေသကြီးအတွင်းက မဲဆန္ဒနယ်တွေမှာ အနိုင်ရဖို့ အလားအလာရှိပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရနိုင်တယ်လို့ ဆိုပါတယ်။
3 years Ago

April 2, 2017

ကြားဖြတ်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦးခန့်နိုင်

မနေ့ကပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အာဏာရ အန်အယ်လ်ဒီကိုယ်စားလှယ် ၉ ဦး ထက်မနည်း အနိုင်ရခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ အန်အယ်လ်ဒီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၁၉ ခုအနက် ၁၈ ခုမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အခုရလဒ်အရ ထက်ဝက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲရလဒ်တချို့ကို အခု မနက် ၉ နာရီမှာ စတင်ကြေညာသွားခဲ့ပြီး ရန်ကုန်တိုင်းမှာ အန်အယ်လ်ဒီကိုယ်စားလှယ်အများစု အနိုင်ရရှိခဲ့ပါတယ်။ တံတားနာမည်ကိစ္စ အငြင်းပွားခဲ့တဲ့ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ် ဦးအောင်ကြည်သိန်း အနိုင်ရတယ်လို့ ကော်မရှင်က ကြေညာသွားပါတယ်။ ချောင်းဆုံမြို့နယ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ကိုကျော်စိုးက တံတားနာမည်ပေးတဲ့ကိစ္စက ကြားဖြတ်ရွေးကောက်ပွဲအပေါ် တစုံတရာ သက်ရောက်မှု ရှိခဲ့တယ်လို့ ပြောပါတယ်။ “အဲ့ဒါလည်း အများကြီးအကျိုးသက်ရောက်မှု ရှိပါတယ်။ တံတားဆန္ဒပြတဲ့ကိစ္စက ဒေသခံတွေအတွက် အထင်အရှာဖြစ်သွားပြီး ဘယ်ဟာတွေ ပတ်သက်နေလဲဆိုတော့ မွန်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အဲ့ဒီပါတီတွေကို အာရုံစိုက်မိသွားတယ်။ အာရုံစိုက်မိသွားတယ်ဆိုတာက ဆိုးတာရော ကောင်းတာရော နှစ်ခုစလုံးပေါ့လေ၊ တဘက်မှာတော့ ပြည်ခိုင်ဖြိုးပါတီက သူ့ဟာနဲ့သူ အငြိမ်လေး ရှိနေတာပေါ့၊” ချောင်းဆုံမြို့နယ်မှာ အနိုင်ရသွားတဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်ဟာ ဒေသခံတဦးဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေလုပ်တဲ့အတွက် သူ့ကို လူပိုသိတာလည်း တကြောင်း ပါတယ်လို့ ပြောပါတယ်။ အန်အယ်လ်ဒီက၀င်ပြိုင်တဲ့ ချောင်းဆုံကိုယ်စားလှယ်ကို ဒေသခံ အန်အယ်လ်ဒီတွေက ကန့်ကွက်ခဲ့ဖူးပါတယ်။ ရှမ်းပြည်နယ်ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၈ ခုအနက် ၆ ခုလောက်မှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီကိုယ်စားလှယ်တွေ အနိုင်ရရှိနေတယ်လို့ ပါတီတွဲဘက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။ “ရတဲ့စာရင်းအရတော့ ကျေးသီးက ၃ နေရာစလုံး ရပြီပေါ့လေ၊နိုင်ပြီပေါ့လေ၊ မိုင်းရှူးကတော့ တောင်ပေါ်စာရင်းလေးနည်းနည်းလေး ကျန်သေးတော့ ညက တညတော့ ကျနော်တို့ အသာရနေတဲ့သဘောပေါ့၊မိုင်းရှုးလည်း ၃ နေရာစလုံး။” ကျေးသီးနဲ့ မိုင်းရှူးမြို့နယ်များမှာ ကျားခေါင်းပါတီကိုယ်စားလှယ်တွေ အနိုင်ရနေတာဖြစ်ပြီး ကျိုင်းတုံမှာ ပြည်ခိုင်ဖြိုး၊ညောင်ရွှေမှာ အန်အယ်လ်ဒီ ကိုယ်စားလှယ်တို့ အနိုင်ရပါတယ်။ လတ်တလောရရှိတဲ့သတင်းတွေအရ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုမှာ အာဏာရအန်အယ်လ်ဒီပါတီက ကိုယ်စားလှယ် ၉ ဦး အနိုင်ရပြီး ပြည်ခိုင်ဖြိုးပါတီက ၂ဦး အနိုင်ရပါတယ်။ ရှမ်းဒီမိုကရေစီပါတီက ၆ ဦး၊ကယားပါတီက ၁ ဦးနဲ့ ရခိုင်ပါတီက ၁ ဦး အနိုင်ရရှိနေပါတယ်။
4 years Ago
Up