ကြားဖြတ်ရွေးကောက်ပွဲ

November 3, 2018

ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲပေးခွင့်ရရှိဟု ချင်းပြည်နယ် မဲဆန္ဒရှင်များပြော

နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပနေတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လွတ်လပ်လပ်မဲ ပေးခွင့်ရပြီး အခက်အခဲမရှိဘူးလို့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် မဲဆန္ဒရှင်တွေက ပြောပါတယ်။ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူ နည်းပေမယ့် မြို့ပေါ်က ပြည်သူတွေကတော့ ကြိုးကြားကြိုးကြား လာရောက်ပေးနေကြပါတယ်။ မဲလာပေးခဲ့တဲ့မဲန္ဒရှင်တယောက်က “နိုင်ငံသားတယောက်ရဲ့ တာဝန်အရ ရွေးကောက်ပွဲရှိရင် မဲပေးရမှာပဲ။ ဒါကြောင့်လာပေးတာပါ။ တခြားလိုအပ်ချက်တော့ မရှိပါဘူး။ ရွေးချယ်ခံရတဲ့ ကိုယ်စားလှယ်အနေနဲ့ ဒေသဖွံ့ဖြိုးရေးကို လုပ်ဆောင်ပေးစေချင်တယ်”လို့ ပြောပါတယ်။ ကန်ပက်လက်မြို့နယ်က လစ်လပ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို အန်အယ်လ်ဒီ၊ ကြံ့ခိုင်ရေးနဲ့ ချင်းတိုင်းရင်းသားပါတီ နှစ်ပါတီတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်နေကြတာပါ။ အခုကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလောက် ပြည်သူတွေ စိတ်ဝင်စားမှု မရှိသလို နိုင်ငံရေးပါတီတွေအနေနဲ့လည်း မဲဆွယ်စည်းရုံးတာတွေ အားနည်းခဲ့ပြီး အရပ်ဖက်အဖွဲ့ အစည်းတွေ အနေနဲ့လည်း မဲဆန္ဒရှင် အသိပညာပေးတာတွေ အားနည်းခဲ့တယ်လို့ ဆိုပါတယ်။
3 years Ago

August 6, 2018

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ၆၉ ဦး အတည်ပြု

၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး ကို အတည်ပြုလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံက စုံစမ်းသိရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က “ပါတီ ၂၄ ပါတီ၊ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းသွင်းထားပါတယ်။ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ပါတယ်။ ၆၁ ဦးက ပါတီတွေကပါ။ လက်ရှိမှတ်ပုံတင်ထားတဲ့ ပါတီတွေထဲက လုံးဝဝင်မပြိုင်တဲ့ ပါတီ ၁ ပါတီရှိပါတယ်။ အမည်စာရင်း တင်သွင်းထားသူတွေကို တဦးမှ မပယ်ရပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကော်မရှင်က ဒီနေ့ သြဂုတ်လ ၆ ရက်မှာ ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို ဇူလိုင် ၂ ရက်ကနေ ဇူလိုင် ၁၁ ရက်အတွင်း တင်သွင်းဖို့ ကော်မရှင်က ကြေညာခဲ့ပြီး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာတွေကို ဇူလိုင် ၁၆ ရက်ကနေ ၂၆ ရက်အထိ စိစစ်ခဲ့ပါတယ်။ ၂၀၁၈ နိုဝင်ဘာလ ၃ ရက်မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲကို သမ္မတ ဦးဝင်းမြင့်ရဲ့ တာမွေမြို့နယ် မဲဆန္ဒနယ် အပါအဝင် လစ်လပ် ၁၃ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ လက်ရှိအစိုးရလက်ထက်မှာ ဒုတိယအကြိမ် ကျင်းပတာဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက် ပထမအကြိမ်ကျင်းပခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် နိုင်ငံရေးပါတီ ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ အပါအဝင် စုစုပေါင်း ၉၅ ဦး ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခဲ့ပါတယ်။
3 years Ago
More News
Up