ကြားဖြတ်သမ္မတ

April 10, 2019

အယ်လ်ဂျီးရီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဘင်ဆာလာကို ကြားဖြတ်သမ္မတအဖြစ် ခန့်အပ်

အယ်လ်ဂျီးရီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ အက်ဘ်ဒယ်ကာဒါ ဘင်ဆာလာကို ကြားဖြတ်သမ္မတအဖြစ် ပါလီမန်က ဧပြီ ၉ ရက်နေ့မှာ ခန့်အပ်လိုက်ပါတယ်။ ဒီလိုခန့်အပ်တာဟာ အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံဥပဒေအရ ဖြစ်ပေမယ့် ဆန္ဒပြသူတွေက သမ္မတဟောင်း ဘူတယ်ဖလီကာရဲ့ ရင်းနှီးသူနဲ့ အတွင်းစည်းထဲကလူဖြစ်တဲ့ ဘင်ဆာလာကို ဆက်လက်ဆန့်ကျင် ဆန္ဒပြခဲ့ပါတယ်။ အဲဒီဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရေအမြောက်သုံးပြီး လူစုခွဲခဲ့ပါတယ်။ ရာထူးကဆင်းသွားတဲ့ ဘူတယ်ဖလီကာက အသွင်ကူးပြောင်းရေး အစိတ်အပိုင်းအဖြစ် ရက်ပေါင်း ၉၀ အကြာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ အယ်လ်ဂျီးရီးယား ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲအသစ် မကျင်းပမချင်း ဘင်ဆာလာဟာ ကြားဖြတ်သမ္မတအဖြစ် ဆက်ရှိနေမယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago

February 5, 2019

ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုရန် ဗင်နီဇွဲလား တပ်မတော်အား တိုက်တွန်း

ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုဖို့ ဗင်နီဇွဲလား တပ်မတော်ကို လီမာအဖွဲ့က ဖေဖော်ဝါရီ ၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ လီမာအဖွဲ့ဝင် ၁၄ နိုင်ငံအနက် ၁၁ နိုင်ငံက ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလား ကြားဖြတ်သမ္မတ အဖြစ် အသိအမှတ်ပြုပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအဖွဲ့က နိုင်ငံရပ်ခြားမှာ သမ္မတ မာဒူရို အစိုးရ ငွေကြေးနဲ့ ကုန်သွယ်ရေး အရောင်းအဝယ်ကိစ္စတွေ လုပ်ဆောင်ခြင်း မပြုနိုင်အောင် တားဆီးပေးဖို့ နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးက ဗင်နီဇွဲလားနိုင်ငံကို ပြည်ပကနေ စစ်ရေးအရ စွက်ဖက်ဖို့ အစီအစဉ် မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဟွမ်ဂွယ်ဒိုကို ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုတဲ့ တခြား အီးယူနိုင်ငံတွေကတော့ သြစတြီးယား၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယား၊ ဖင်လန်၊ လတ်ဗီးယား၊ လူဇင်ဘတ်၊ နယ်သာလန်၊ ပိုလန်၊ ပေါ်တူဂီနဲ့ ဆွီဒင်တို့ ဖြစ်ပါတယ်။ လီမာအဖွဲ့ဝင်နိုင်ငံ ဖြစ်ပေမယ့် မာဒူရိုကို ဖြုတ်ချတာ ဆန့်ကျင်တဲ့ မက္ကဆီကိုနိုင်ငံကတော့ ဒီအခမ်းအနားကို တက်ရောက်ခြင်း မရှိပါဘူး။
3 years Ago
Up