ကြက်​သွန်​​နီဈေးနှုန်း

January 19, 2019

မြင်းခြံတွင်​ မိုးကြက်​သွန်​​နီဈေးနှုန်းများ ဆက်​တိုက်​ကျဆင်း​နေ

မန္တလေးတိုင်း​ဒေသကြီး မြင်းခြံ​မြို့နယ်​ရှိ ဒေသထွက်​ မိုးကြက်​သွန်​နီ​​ဈေးနှုန်း​ဟာ ဇန်​နဝါရီ တတိယအပတ်​ကစတင်​ပြီး ၁ ပိသာကို ၂၀၀ ကျပ်​ဝန်းကျင်​အထိ ဆက်​တိုက်​ကျဆင်း​နေတယ်​လို့ မြင်းခြံ​ရွှေဒင်္ဂါး ကြက်​သွန်​ပွဲရုံမှ ကို​ကျော်​ဇင်​ဝင်းက ​ပြောပါတယ်​။ "ခုတပတ်​အတွင်းမှာ မိုးကြက်​သွန်​နီ​ဈေးနှုန်းဟာ ဆက်​တိုက်​ကျဆင်း​နေတယ်​။ ဒီရာသီက မိုးကြက်​သွန်​ အထွက်​များဆုံးလည်း ဖြစ်​တယ်​။ ​နောက်​ပြီး အဓိကတင်​ပို့​နေရတဲ့ ရန်​ကုန်​ နဲ့ ​မော်​လမြိုင်​မှာလည်း ကြက်​သွန်​ကား​တွေ တ​နေ့ ၃၅ စီးဝန်းကျင်​​လောက်​ ဝင်​​ရောက်​​နေတာရယ်​၊ ရန်​ကုန်​ ​မော်​လမြိုင်​ဘက်​မှာလည်း အ​ရောင်းအဝယ် ​​အေး​နေတာ​ကြောင့် ဒီနယ်​​တွေမှာ ​ဈေးနှုန်းက ဆက်​တိုက်​ဆိုသလို့ ​နေ့စဉ်​ကျဆင်း​နေတာ​ပါ။ စိုက်​ပျိုးတဲ့ ​တောင်​သူ​အများစုဟာ ​ဒီလို​ဈေးနှုန်း မတည်​ငြိမ်​​တော့ အလုပ်​သမားစရိတ်​ နဲ့ အခြား ​မြေသြဇာ စရိတ်​​တွေက ကြီးမြင့်တော့ အခက်​အခဲများပြီး ရှုံးကြတာ​ပေါ့။” ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်​ ဇန်​နဝါရီလတုန်းက​တော့ မိုးကြက်​သွန်​နီ ​ဈေးနှုန်းဟာ ၁ ပိဿာကို ၂၀၀၀ ကျပ်​​ကျော်​ ​ဈေးနှုန်းအထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ကြတာ ဖြစ်​ပါတယ်​။ "ကြက်​သွန်​နီက ကုန်​စိမ်းလည်းဖြစ်​တယ်၊​ ပြီး​တော့ ပြည်​တွင်း/ပြည်​ပက ဝယ်​လိုအား ​ရောင်းလိုအားတွေ​ ကောင်း​နေရင်​​တော့ အတိုင်းအဆမရှိ ​ဈေးက တက်​​နေပြန်​​ရော၊ ပြည်​တွင်း ပြည်​ပကလည်း ဆွဲအားမ​ကောင်းဘူး၊ နယ်​စုံမှာ ကြက်​သွန်​နီ အထွက်​များ​နေတယ်​ဆိုရင်​လည်း အတိုင်းအဆမရှိ ​ဈေးနှုန်းက ကျဆင်းတတ်တဲ့ သ​ဘောပါ။ အစိုးရအ​နေနဲ့က ပြည်​တွင်းမှာ ကြက်​သွန်​​ဈေး​တွေတက်​​နေရင်​ ပြည်​ပက ကြက်​သွန်​​​တွေအဝင်​မခံဖို့ ထိန်းချုပ်​​ပေး​သင့်တယ်​။ ခုလို ​ဈေးကျ​နေ​တော့လည်း ​တောင်​သူ​တွေကို ဘာတခုမှ အကာအကွယ်​မ​ပေးနိုင်​ဘူး၊ ​ဈေးကွက်​ကိုလည်း ထိန်းချုပ်​ထားလို့ မရ​တော့ အ​ကောင်းအဆိုး​တွေက​တော့ ရှိ​နေမှာပဲ။ ​နောက်​ပြီး ခုချိန်​က ပြည်​တွင်းမှာပဲ လည်​ပတ်​​နေ​တော့ ​ဈေးနှုန်းက ကျဆင်း​နေတာ” လို့ သူက ဆက်​​ပြောပါတယ်​။ ဒီ​က​နေ့ မြင်းခြံကုန်​စည်​ဒိုင်​ရဲ့ ကြက်​သွန်​နီ​ဈေးနှုန်းဟာ မိုးကြက်​သွန်​ အ​ခြောက်​/အ​ချော ၁ ပိဿာကို ၅၀၀ ကျပ်​ မှ ၅၂၅ ကျပ်​​ဈေးနှုန်းနဲ့ အ​ရောင်းအဝယ်​ဖြစ်​ခဲ့ပြီး ကြက်​သွန်​နီ အစို/အကြမ်းစကို​တော့ ၁ ပိဿာ ၄၂၅ ကျပ်​မှ ၄၇၅ ကျပ်​နဲ့သာ အ​ရောင်းဝယ်​ ပြုလုပ်​ခဲ့ကြတာ ဖြစ်​ပါတယ်​။ မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ​နေ့စဉ်​ ကြက်​သွန်​နီကုန်​ချိန်​ ပိဿာ ၂ သိန်း​ကျော်​ ဝင်​​ရောက်​နေတယ်​လို့ မြင်းခြံကုန်​စည်​ဒိုင်​မှ သိရပါတယ်​။ သတင်း၊ ဓာတ်​ပုံ-ရီရီထွန်း ( မြင်းခြံ)
2 years Ago
Up