ကြက်ခြေနီအဖွဲ့ ထုတ်ပယ်

February 25, 2018

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့မှုဖြင့် ဝန်ထမ်း ၂၁ ဦးကို ကြက်ခြေနီအဖွဲ့ ထုတ်ပယ်

ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ပြုခဲ့ကြတဲ့ ဝန်ထမ်း ၂၁ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး (အိုင်စီအာစီ) က အလုပ်က ထုတ်ပယ်လိုက်ပါတယ်။ အိုင်စီအာစီရဲ့ အထွေထွေဒါရိုက်တာ မစ္စတာဒက်ကော့ဒ် (Yves Daccord) က တချို့ဝန်ထမ်း တဦးချင်းစီက လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ငွေပေးခဲ့ကြလို့ အလုပ်ထွက်ခဲ့ကြတယ်။ တချို့ကတော့ အဖွဲ့ကြီးကနေ အလုပ်ထုတ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေက ကလေးတွေအပေါ် လိင်ပိုင်း အမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာ ဆိုးရွားစွာပြုမူမှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲမှု အတော်များများ ဖြစ်ပြီးနောက် အိုင်စီအာစီက ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့တာပါ။ လူသားချင်းစာနာမှုလုပ်ငန်းတွေကနေ လိင်ပိုင်းဆိုင်ရာ ဆိုးရွားစွာပြုမူတာနဲ့ပတ်သက်တဲ့ လက်တလော ထွက်လာတဲ့ အစီရင်ခံစာက ဂျနီဗာမှာ အခြေပြုတဲ့ အိုင်စီအာစီအဖွဲ့ကြီးကို အဖွဲ့တွင်း ပြန်လည်စစ်ဆေးမှု တခုလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ မစ္စတာဒက်ကော့ဒ်က ပြောပါတယ်။ အဖွဲ့ရဲ့ စည်းမျဉ်းတွေအရ ၂၀၀၆ ခုနှစ်ကတည်းက လိင်ဝန်ဆောင်မှုတွေကို ငွေပေး ဝယ်ယူမှုက ရှင်းရှင်းလင်းလင်း တားမြစ်ခံထားရတယ်လို့ ဆိုပါတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ ဒါမှမဟုတ် ဝန်ထမ်းတွေက ကလေးတွေအပေါ် အမြတ်ထုတ်မှု၊ လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုမှု စတဲ့ အမှု ၆ မှုကို ကလေးများ ကူညီရေးအဖွဲ့ ပလန်းအင်တာနေရှင်နယ် (Plan International) အဖွဲ့ကြီးက အတည်ပြုထားတဲ့ အစီရင်ခံစာ ထုတ်ပြန်ပြီးတဲ့နောက် အိုင်စီအာစီက ၀န်ထမ်းတွေကို အခုလို ထုတ်ပယ်ခဲ့တာလည်း ဖြစ်ပါတယ်။ “လိင်ပိုင်းဆိုင်ရာ ဆိုးရွားစွာ ပြုမူတဲ့အချက်အလက်တွေကို ရှာဖွေဖို့ ကျနော်ရဲ့အဖွဲ့ကို ညွှန်ကြားခဲ့တယ်။ ၂၀၁၅ ခုနှစ်ကတွက်ရင် ကျနော်တို့ အိုင်စီအာစီ ဝန်ထမ်း ၂၁ ဦးက လိင်ဝန်ဆောင်မှုတွေကို ငွေပေးဝယ်ခဲ့လို့ အလုပ်ထုတ်ခံရတယ်။ ဒါမှမဟုတ် အဖွဲ့အတွင်း စုံစမ်းမှုတွေကြောင့် အလုပ်ကထွက်သွားတာတွေ ရှိတယ်။” ဒါ့အပြင်ဝန်ထမ်း ၂ ဦးကိုလည်း ဒီလိင်ကိစ္စနဲ့ သံသယရှိလို့ အလုပ်စာချုပ်သက်တမ်း ထပ်မတိုးတော့ဘူးလို့ ဆိုပါတယ်။ “ဒီအပြုအမူက ကျနော်တို့ ကူညီပေးနေတဲ့ လူ့အသိုင်းအဝိုင်းနဲ့ လူတွေအပေါ် သစ္စာဖောက်မှုပဲ။ ဒါက လူသားရဲ့ ဂုဏ်သိက္ခာကို ဆန့်ကျင်တာဖြစ်တယ်။ ဒီအပြုအမူတွေကို ကာကွယ်ဖို့ ကျနော်တို့ ပိုပြီး အာရုံထား စောင့်ကြည့်သင့်တယ်” လို့ မစ္စတာဒက်ကော့ဒ်က ပြောပါတယ်။ ဘယ်ဝန်ထမ်းမဆို အိုင်စီအာစီရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တာ တွေ့ခဲ့ရင် ဖောက်ဖျက်သူက တာဝန်ခံရမှာ ဖြစ်ပြီး အနာဂတ်မှာ ဖြစ်ပေါ်မယ့် စွပ်စွဲမှုတွေကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမယ်လို့လည်း အိုင်စီအာစီ ထုတ်ပြန်ချက်က ကတိပြုခဲ့ပါသေးတယ်။ ယူကေသတင်းစာကြီးဖြစ်တဲ့ သည်တိုင်းမ်စ်သတင်းစာက ဒီလအစောပိုင်းမှာ Oxfam အဖွဲ့ရဲ့ ဝန်ထမ်းတချို့ ဟေတီနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ဆိုးရွားစွာပြုမှုတာနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ပြီးနောက် အပြည်ပြည်ဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ကြတာပါ။ အကူအညီပေးရေး ဝန်ထမ်းတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတော်တရော်ပြုမှုတွေမှာ သတိပေးဖို့ ပျက်ကွက်ခဲ့လို့ လွန်စွာ ဝမ်းနည်းကြောင်းလည်း ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ ကူညီကယ်ဆယ်ရေးအဖွဲ့ ၂၂ ဖွဲ့က ပြောခဲ့တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။ တကမ္ဘာလုံးမှာ အိုင်စီအာစီအဖွဲ့ကြီး ဝန်ထမ်းအရေအတွက် ၁ သောင်း ၇ ထောင်ရှိတယ်လို့ သိရပါတယ်။
3 years Ago
Up