ကြက်ခြေနီ

October 3, 2018

နိုင်ငံတကာအလှူငွေများ နှောင်ကြိုးဖြင့် လှူဒါန်းမှုမဖြစ်စေလိုဟု သမ္မတဦးဝင်းမြင့်ပြော

နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလှူငွေတွေဟာ နှောင်ကြိုးနဲ့ လှူဒါန်းမှုတွေ မဖြစ်စေချင်ဘူးလို့  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ ၂ ရက် မနက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမမှာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း တာဝန်ရှိသူတွေနဲ့   လက်ခံတွေ့ဆုံ စဉ် ပြောကြားခဲ့တာလို့ သမ္မတရုံးက သတင်းထုတ်ပါတယ်။ သမ္မတ ဦးဝင်းမြင့်က “မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အကျိုးနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ရပ်တည်ရမယ်၊  နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အလှူငွေတွေကို လက်ခံနိုင်ပေမယ့် နှောင်ကြိုးနဲ့ လှူဒါန်းမှုတွေ မဖြစ်စေလိုဘူး၊ မွန်မြတ်တဲ့ လူမှုကရုဏာလုပ်ငန်း လုပ်ဆောင်သူတွေအနေနဲ့ ငွေကြေးအလွဲသုံးစားမှုတွေ မရှိနိုင်ပေမယ့် လုပ်မှားကိုင်မှား ရှိနိုင်တယ်၊ ဒါကြောင့် ဒီလိုမဖြစ်စေဖို့  ပွင့်လင်းမြင်သာမှုရှိပြီး ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ရန်လိုတယ်”လို့ ပြောပါတယ်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ အမှတ်တံဆိပ်နဲ့ သင်္ကေတကို အလွဲသုံးမှုနဲ့ ပတ်သက်လို့လည်း  ဥပဒေအသစ် ပြန်လည်ရေးဆွဲတာ ဒါမှမဟုတ် လက်ရှိဥပဒေကို ပြင်ဆင် ဖြည့်စွက်တာလုပ်ဖို့လည်း သမ္မတက အကြံပြုပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ကျစ်လစ်ခိုင်မာတောင့်တင်းတဲ့ အဖွဲ့အစည်းတွေအဖြစ် အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်သွားဖို့နဲ့ လူမှုကရုဏာလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူငယ်တွေကို စနစ်တကျ ပြုစုပျိုးထောင် ပညာပေးဖို့လည်း တိုက်တွန်းသွားပါတယ်။ သမ္မတ ဦးဝင်းမြင့်ဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ နာယကလည်းဖြစ်ပြီး ဒီတွေ့ဆုံပွဲမှာ သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ဒုဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်နန်းထွမ်းလှ၊ အထွေထွေအတွင်းရေးမှူး  ဦးခင်မောင်လှနဲ့ မင်းသား ဝေဠုကျော်အပါအ၀င် အချိန်ပြည့်၊ အချိန်ပိုင်း အလုပ်အမှု ဆောင်အဖွဲ့ဝင်တွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ- သမ္မတရုံး
3 years Ago

September 21, 2017

စစ်တွေမြို့တွင် ကြက်ခြေနီထောက်ပံ့ရေးပစ္စည်းတင်စက်လှေ လူစုလူဝေးဖြင့်ဟန့်တားခံရ

  မောင်တောဒေသရှိ နေရပ်စွန့်ခွာသူတွေကို  ကြက်ခြေနီရဲ့အစီအစဉ်နဲ့ ကူညီထောက်ပံ့ဖို့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေတင်ဆောင်နေတဲ့ စက်လှေတစီး စစ်တွေမြို့ လှေဆိပ်မှာ လူစုလူဝေးနဲ့ ဟန့်တားခံခဲ့ရလို့ လုံခြုံရေးတပ်ဖွဲ့တွေက လူစုခွဲခဲ့ရတယ်လို့ သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့ သယ်ယူပို့ဆောင်ရေးတာဝန်ခံ ဦးနိုင်လင်းဝေဟာ စက်တင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီမှာ  စစ်တွေမြို့ ဘူးသီးတောင် စက်လှေဆိပ်ရှိ သော်တာဝင်းစက်လှေအား ငှားရမ်းပြီး ဆိုလာမီးအိမ် ၇၇၄ ခု၊ အမျိုးသမီး သန့်စင်ရေးသုံး ၁၃၀၀၊ အ၀တ်အစား ၆၄၀၇၁ ထည်၊ စောင် ၁၃၃၁ ထည်၊ တာပေါ်လင် ၁၂၄၀၊ ရေပုံး ၁၄၉၄ လုံး၊ ခြင်ထောင် အလုံး ၃၀၀၀ နဲ့ မီးဖိုချောင်သုံးပစ္စည်းအထုပ် ၃၀၀ မှန်းတန်ချိန် ၅၀ တို့ကို တင်ဆောင်နေခဲ့တာပါ။ ခုလိုတင်ဆောင်နေမှာ လူ ၂ ဦးလာရောက် ကြည့်ရှုကာ အလုပ်သမားတွေက ICRC ပစ္စည်းတွေလို့ ဖြေကြားခဲ့ပေမယ့်  ညနေ ၅ နာရီမှာ  လူ ၅၀ လောက်ထပ်ရောက်ရှိလာပြီး လူစုလူဝေးနဲ့ ပစ္စည်းတွေကို ပြန်ချရန်ဖို့နဲ့ လှေမထွက်ဖို့ ဟန့်တားခဲ့တယ်လို့ဆိုပါတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေ ရောက်ရှိလာပြီး စက်လှေထွက်ခွာနိုင်ဖို့ ညှိနှိုင်းခဲ့ပေမယ်မယ့် စက်လှေ မမောင်းရဲလို့ ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးဆောင်ရွက်ပေးနေစဉ် ည ၈ နာရီမှာ လာရောက်ကြည့်ရှုသူ အင်အား ၃၀၀ လောက် စုစည်းမိပြီး ခဲတွေ၊ မီးရှို့ထားတဲ့ ဓာတ်ဆီပုလင်းတွေနဲ့ လူအုပ်ထဲမှ ပစ်ပေါက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက်နဲ့  လူအုပ်ကို ဒိုင်းတွေ၊ မီးသတ်ယာဉ်တွေနဲ့ ရှင်းလင်းရာမှာ လူအုပ်စုထဲက ဂျင်ကလိနဲ့ ပစ်ခတ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက (၁၂)ဗို့ ဂရီနာ ၂၀ လက်နဲ့ ပစ်ဖောက် ရှင်းလင်းခဲ့ရတယ်လို့ အစိုးရကထုတ်ပြန်ပါတယ်။ ဒီအချိန်မှာ စစ်တွေမြို့ရှိ ဒေသစစ်ဆင်ရေးကွပ်ကဲရေးမှူးနဲ့ တပ်မတော်သားတွေထပ်မံ ရောက်ရှိ အင်အားဖြည့်တင်းပြီး လူစုခွဲခဲ့ရာမှာ ည ၁၁ နာရီတွင် လူစုကွဲသွားခဲ့ကြပါတယ်။ ဒီဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူအုပ်တွင်ပါဝင်သူ ၈ ဦးကို ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေတယ်လို့သိရပါတယ်။  
4 years Ago
More News
Up