ကြက်မွေးမြူရေးဇုန်

June 27, 2018

မုံရွာမြို့ ကြက်မွေးမြူရေးဇုန်တွင် ပျားဖွပ်ရာက မီးလောင်မှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကြက်မွေးမြူရေးဇုန်မှာ ပျားဖွပ်ရာကနေ နေအိမ်နဲ့ ကြက်ခြံတွေ ဇွန်လ ၂၆ ရက် နေ့လယ်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ကြက်ဇုန်ဧရိယာအတွင်းရှိ လူနေအိမ် ၁ လုံးနဲ့ ကြက်မမွေးတော့တဲ့ ကြက်ခြံဟောင်း ၈ လုံးမီးလောင်ခဲ့ပြီး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၃၄ သိန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးညီညီဇော်က  “မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ခြံဝင်းထဲမှာရှိတဲ့ သနပ်ခါးပင်က ပျားအုံကို မီးနဲ့ တက်ဖွပ်တာ။ အဲဒီကနေ နွယ်ပင်ကို မီးကူးပြီး မီးပွားလွင့်တာကနေ မီးလောင်မှုဖြစ်ပွားခဲ့တာပါ။ မီးလောင်ချိန်နဲ့ လေတိုက်ချိန် ဆုံတဲ့အခါကျတော့ မီးပွားတွေက အဝေးလွင့်ပြီး ၃၊ ၄ နေရာလောက် ခွဲလောင်တာမျိုး ဖြစ်သွားတာပါ”လို့ ပြောပါတယ်။ မီးလောင်မှုကို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်တွေအတွင်းက မီးသတ်ကားအစီးရေ ၂၀ ကျော်၊ မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ကျော်၊ ရဲတပ်ဖွဲ့နှင့် ရဟန်းရှင်လူ ပြည်သူတွေ နာရီဝက်ကျော်ကြာ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်တဲ့အထဲမှာ ကြက်ခြံဝင်း စီ ဘလောက်က ၃ ခြံ၊ ဒီ ဘလောက်က ၅ ခြံ မီးလောင်ခဲ့ပါတယ်။ ကြက်ဇုန်က လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြက်ငှက်တုပ်ကွေး ဖြစ်ပွားခဲ့တာကြောင့် မွေးမြူခွင့်မပြုဘဲ ပိတ်ထားခဲ့တာပါ။ မုံရွာကြက်မွေးမြူရေးဇုန်အတွင်း ကြက်ခြံပေါင်း ၂၀၀ ကျော်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မုံရွာ ငုံးမွေးမြူရေးဇုန်မှာ မီးလောင်မှုဖြစ်ပေါ်ခဲ့ပါသေးတယ်။ အခုမီးလောင်မှုနဲ့ပတ်သက်ပြီး ပေါ့ဆမီးသုံးစွဲသူကို ဥပဒေအရ အရေးယူနိုင်ဖို့လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
3 years Ago
Up