ကြက်ဥကော်ဖီ

February 22, 2019

ဗီယက်နမ်ကော်ဖီဆိုင်ရှင်က ထရမ့်နှင့် ကင်ဂျုံအန်းကို ကြက်ဥကော်ဖီမြည်းရန် ဖိတ်ခေါ်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်က ကော်ဖီဆိုင်ပိုင်ရှင်တဦးဟာ သူ့ဆိုင်မှာရောင်းချတဲ့ ကြက်ဥကော်ဖီကို လာရောက်မြည်းစမ်းဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ကို ဖိတ်ခေါ်လိုက်ပါတယ်။ အသက် ၇၃ နှစ်အရွယ် ကော်ဖီဆိုင်ပိုင်ရှင် ငုယင်ဗန်ဒေါင်က ကြက်ဥကော်ဖီဟာ ငြိမ်းချမ်းရေးသင်္ကေတ ဖြစ်တယ်လို့လည်း ပြောပါတယ်။ သူဟာ ကြက်ဥကော်ဖီကို စတင်ဖန်တီးခဲ့တဲ့ ငုယင်ဗန်ဇန်းရဲ့ သားအကြီးဆုံးပါ။ ဖခင်ဖြစ်သူဟာ နွားနို့ရှားပါးတဲ့ ဗီယက်နမ်စစ်ပွဲ ကာလအတွင်းမှာ နွားနို့အစား ကြက်ဥကို အစားထိုး အသုံးပြုရာကနေ ကြက်ဥကော်ဖီကို ဖန်တီးခဲ့တာလို့ သူကပြောပါတယ်။ အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ဟာ ၂၀၁၈ ဇွန်လက စင်ကာပူနိုင်ငံမှာ ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့် ဖေဖော်ဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်ကျရင် ဟနွိုင်းမြို့မှာ ဒုတိယအကြိမ်တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားဟာ ဗီယက်နမ်နိုင်ငံကို ပထမဆုံး ရောက်ရှိလာစဉ်က ဗီယက်နမ်ခေါက်ဆွဲဆိုင်တဆိုင်ကို သွားရောက်စားသုံးခဲ့ပါသေးတယ်။
2 years Ago
Up