ချစ်ခြင်းမေတ္တာဆိုတာ လူသားတွေမှာတင်မက တိရစ္ဆာန်တွေရဲ့ ကမ္ဘာမှာလည်း ထူးခြားတဲ့ အခြေအနေနဲ့ ဖြစ်တည်နိုင်တာမျိုးပါပဲ။
ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အမျိုးအစားချင်းလည်းမတူ၊ ကျင်လည်ကျက်စားပုံချင်းလည်း မတူညီကြတဲ့ ဘာဘရီမျောက်မကြီးတကောင်နဲ့ ကြက်တကောင်ကြားက ချစ်ခြင်းမေတ္တာကို တွေ့မြင်ကြရမှာပါ။
အနက်ရောင် ပါးစောင်အိတ်တွေပါရှိတဲ့ အသက် ၁၀ နှစ်အရွယ် နစ်ဗ်အမည်ရတဲ့ ဘာဘရီမျောက်မကြီးဟာ ကြက်ကို သွားလေရာ နေရာအနှံ့ ခေါ်သွားခဲ့တာကို တွေ့ရပါတယ်။
ဒီအဖြစ်အပျက်ဟာ အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့အနီး ရန်ဂန်ဆာဖာရီဥယျာဉ်ထဲမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
သူတို့ ၂ ကောင်ကြားက မိခင်နဲ့ ရင်သွေးပမာ ချစ်ခြင်းမေတ္တာဟာ တကယ့်ကို ခွဲခြားမရခဲ့ဘဲ ဖြစ်တည်နေခဲ့တာလို့ တိရစ္ဆာန်ရုံဝန်ထမ်းတွေက ပြောပါတယ်။
ခုလို ထူးခြားတဲ့ ဆက်နွှယ်မှုမျိုးဟာ ပထမဆုံးတော့ မဟုတ်ခဲ့ပါဘူး။
ဒီသီတင်းပတ် အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံမှာ ကြောင်တကောင်ကို မွေးစားခဲ့တဲ့ မျောက်ကလေးတကောင်ဟာ နာမည်ကြီးခဲ့ပါသေးတယ်။
သူတို့ ၂ ကောင်ဟာ အစားအစာတွေ အတူတကွ မျှဝေစားသောက်တာတွေ၊ တကောင်နဲ့တကောင် ချစ်ခင်ဂရုစိုက်နေကြတဲ့ ဓာတ်ပုံတွေလည်း ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago