August 27, 2020

မြို့ ၅ မြို့၏မြစ်ရေ စိုးရိမ်‌ရေမှတ်အထက် ကျော်လွန်နေ

ဒီနေ့မနက် ၁၁ နာရီခွဲ တိုင်းထွာချက်အရ မြို့ ၅ မြို့ရဲ့ မြစ်ရေ စိုးရိမ်‌ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၂ လက်မလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်း နိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ညောင်ဦးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲလောက် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ချောက်မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ စင်တီမီတာ  ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၂ လက်မလောက် ဆက်တက်လာနိုင်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၁ ပေလောက် ကျော် လွန်ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း  ၁ ပေခွဲလောက် ဆက်တက်လာနိုင်ပါတယ်။ သံလွင်မြစ်ရေကတော့ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၃ ပေလောက် ကျော်လွန် ရောက်ရှိနေပြီး နောက် ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းနိုင်ပါတယ်။ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အောက် ၁ ပေ လောက် ရောက်ရှိနေပြီး ၃ ရက်အတွင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်ပါတယ်။ ညောင်ဦးမြို့နယ်၊ ချောက်မြို့နယ်နဲ့ ဆိပ်သာမြို့တွေအတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။
1 year Ago

July 11, 2020

ဓာတ်ခွဲနမူနာ ၅၁၄ ခုတွင် ကိုဗစ်-၁၉ လူနာသစ်မတွေ့၊ စောင့်ကြည့်လူနာအသစ် ၂၈ ဦးရှိ

ဇူလိုင် ၁၀ ရက်နေ့အတွက် ဒုတိယသုတ်အဖြစ် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၅၁၄ ခုအား စစ်ဆေးချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာ မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၃၀၂ ခုအား စစ်ဆေးရာမှာတော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ၅ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ အိန္ဒိယက ပြန်လာတဲ့ ရန်ကုန်တိုင်း ကမာရွတ်၊ ဗဟန်းနဲ့ တောင်ဥက္ကလာပ မြို့နယ်နေ ၃ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နေ ၂ ဦးတို့ဖြစ်ပြီး သက်ဆိုင်ရာ တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးနဲ့ မောင်တောမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၆ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၂၅၆ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၄၀ နဲ့ စောင့်ကြည့်လူနာအသစ် ၂၈ ဦး ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဒသမ ၆ သန်းကျော်၊ သေဆုံးသူ ၅၆၀,၀၀၀ ကျော်နဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၇ ဒသမ ၃ သန်းရှိပြီလို့ သိရပါတယ်။
1 year Ago
Up