၉/၁၁ တိုက်ခိုက်ခံရမှု

September 11, 2021

၉/၁၁ တိုက်ခိုက်ခံရမှု သမ္မတ၏အောက်မေ့ဂုဏ်ပြုစကားပြောသည့်ဗီဒီယို အိမ်ဖြူတော် ဖြန့်ချိ

နိုင်း-အလဲဗင်းလို့ တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက်တိုက်ခိုက်မှု ကြောင့် သေဆုံးရသူတွေကို အောက်မေ့တဲ့ နှစ် ၂၀ မြောက်အထိမ်းအမှတ်အဖြစ် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အောက်မေ့ဂုဏ်ပြုစကားပြောကြားတဲ့ ဗီဒီယိုကို အိမ်ဖြူတော်က စက်တင်ဘာ ၁၀ ရက်မှာ ဖြန့်ချိခဲ့ပါတယ်။ 

“မိနစ်တွေ၊ နာရီတွေ၊ လတွေ၊ နှစ်တွေအတွင်း စွန့်စွန့်စားစားနဲ့ အသက်တွေ ရင်းခဲ့ရသူတွေ အားလုံးကို ငါတို့ဂုဏ်ပြုပါတယ်။ ဒါပေမယ့်လည်း ဒါဟာ သိပ်ခက်ပါတယ်။ အချိန်တွေ ဘယ်လောက်ပဲ ကြာသွားပါစေ ဒီအထိမ်းအမှတ်ပွဲတွေက လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်ကမှ သတင်းကြားခဲ့လိုက်ရသလိုပဲ နာကျင်စရာတွေ အားလုံးကို ပြန်သတိရစေတယ်" လို့လည်း  သမ္မတက ပြောပါတယ်။ 

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က ပြန်ပေးသမားတွေဟာ လေယာဉ်တွေကို ထိန်းချုပ်ပြီး World Trade Center ရဲ့ အမွှာမျှော်စင် ၂ ခုနဲ့ ပင်တဂွန်စစ်ဌာနချုပ်တို့ကို တိုက်ခိုက်ခဲ့ပြီးနောက် နယူးယော့ခ်ရှိ World Trade Center က လူပေါင်း ၂၆၀၀ ကျော် အပါအ၀င် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့ရပါတယ်။ 

အခု စက်တင်ဘာ ၁၁ ရက်မှာ သမ္မတဘိုင်ဒန်နဲ့ သမ္မတကတော် ဂျီးလ်ဘိုင်ဒန်တို့ဟာ နယူးယော့ခ်စီးတီးနဲ့ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ကောင်တီရှိ ပန်တဂွန် စစ်ဌာနချုပ် အဆောက်အအုံတို့ကို သွားရောက်မှာဖြစ်ပြီး အမေရိကန် Capitol သို့မဟုတ် အိမ်ဖြူတော်ကို ဦးတည်သွားမယ်လို့ ယူဆရတဲ့ လေယာဉ်ပေါ်ကနေ ခရီးသည်တွေကို အတင်းဆင်းခိုင်းခဲ့တဲ့ ပင်န်ဆလ်ဗေးနီးယားပြည်နယ်၊ ရှန့်က်စ်ဗေးလ်မြို့ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

 စက်တင်ဘာ ၁၁ ရက်ဖြစ်ရပ်မှ အမေရိကန်တွေ ထုတ်နုတ်ရယူဖို့ အဓိကသင်ခန်းစာကတော့ စည်းလုံးညီညွတ်မှုဟာ ကျနော်တို့ရဲ့ အကြီးမားဆုံးအင်အားဖြစ်တယ်လို့ ဘိုင်ဒန်က ပြောကြား ခဲ့ပါတယ်။ 

စည်းလုံးမှုဆိုတာ ဘယ်တော့မှ ချိုးဖျက်မရတဲ့အရာဖြစ်တယ်ဆိုတာ ငါတို့သိလာတယ်လို့ ဘိုင်ဒန်က ပြောကြားသွားပါတယ်။

2 months Ago
Up