၉ ဦးကို

October 14, 2019

ကာတာလန် ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

စပိန်တရားရုံးချုပ်က  ကာတာလန် ခွဲထွက်ရေးခေါင်းဆောင်  ၉ ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၉ နှစ်ကနေ ၁၃ နှစ်အထိ   ချမှတ်လိုက်ပါတယ်။  ၂၀၁၇ ခုနှစ်က  မအောင်မြင်တဲ့ ကာတာလိုးနီးယားဒေသ လွတ်လပ်ရေး ကြေညာချက်နဲ့ ပတ်သက်လို့ ကာတာလန် ခွဲထွက်ရေးခေါင်းဆောင်တွေကို အောက်တိုဘာလ ၁၄  ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်လိုက်တာပါ။ ကာတာလန် ဒုခေါင်းဆောင်ဟောင်းကို  ထောင်ဒဏ်အများဆုံး ၁၃ နှစ် ချမှတ်ခဲ့ပါတယ်။   ခေါင်းဆောင် ၄ ယောက်ကိုတော့ ပြည်သူ့ရန်ပုံငွေ အလွဲသုံးစားမှုနဲ့  ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။     တားမြစ်ထားတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲနဲ့  မကြာလိုက်တဲ့ လွတ်လပ်ရေး ကြေညာချက်နဲ့ ပတ်သက်လို့ တခြား တရားခံ ၃ ယောက်ကို ဥပဒေမလိုက်နာမှုနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ပေမယ့် ထောင်ဒဏ် မချမှတ်ခဲ့ပါဘူး။  စပိန် တရားရုံးချုပ် စီရင်ချက်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အကြမ်းဖက်မှုတွေအတွက်  အာဏာပိုင်တွေဟာ အသင့်ပြင်ထားတယ်လို့ ရဲသတင်းရင်းမြစ်တွေက ဆိုပါတယ်။   ကာတာလန် လွတ်လပ်ရေး လှုပ်ရှားသူတွေအနေနဲ့ ဥပဒေ ချိုးဖောက်မယ်ဆိုရင်  ၂၀၁၇ ခုတုန်းက ခဏတာ တိုက်ရိုက်အုပ်ချုပ်ခဲ့သလို ကာတာလိုးနီးယားဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်သွားဖို့  အသင့်ရှိတယ်ဆိုပြီး စပိန်အစိုးရကပြောထားပါတယ်။
2 years Ago
Up