အသက် ၄ နှစ်အရွယ် ဂျက်ကော့ဗ်လေးဟာ သူ့ရဲ့မိခင် မီးဖိုချောင်ကြမ်းပြင်မှာ သတိမေ့နေတာကို တွေ့လို့ ၉၉၉ ကိုဖုန်းခေါ်ပြီး “မာမီ အိပ်ပျော်နေတာ နိုးလို့မရဘူး” လို့ တာဝန်ရှိဖုန်းဖြေကြားသူကို ပြောပြီး သူ့မိခင်ရဲ့ အသက်ကို ကယ်တင်လိုက်နိုင်တယ်လို့ The Sun ရဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။
အသက် ၃၃ နှစ်အရွယ် မိခင် ဂျမ်မာ ချော်လဲပြီး သူမရဲ့ခေါင်း ကြမ်းပြင်နဲ့ ထိခိုက်မိတာကို တွေ့ပြီးတဲ့နောက် ဂျက်ကော့ဗ်အောနီးယမ်းစ်ကလေးက တည်တည်ငြိမ်ငြိမ်နဲ့ စီမံခန့်ခွဲသွားတာပါ။ မိခင် ချော်လဲပြီးနောက် ၉၉၉ ကိုဖုန်းခေါ်ဆိုပြီး လူနာတင်ယာဉ် လွှတ်ပေးဖို့ မပြောခင် ရဲရင့်တဲ့ ကလေးလေးက မိခင်ကို နိုးခဲ့ပါသေးတယ်။
ကလေးက စကားပြောဖို့ ခက်ခဲတဲ့ ပြဿနာရှိပေမယ့် တယ်လီဖုန်းဖြေကြားသူတွေကို “မာမီကြမ်းပေါ်မှာ လဲကျနေတယ်၊ မာမီ သူ့ဘာသာ ထိခိုက်မိသွားတယ်၊ သူမ စကားမပြောတော့ဘူး” လို့ ပြောခဲ့တာပါ။
အဲ့ဒီနောက် ကလေးက တယ်လီဖုန်းကိုင်ဆို ဖြေကြားသူရဲ့ ညွှန်ကြားချက်တွေကို သေချာနားထောင်ပြီး အကူအညီတွေ ရောက်မလာခင် မေးတဲ့မေးခွန်းတွေကိုလည်း ဖြေကြားပေးခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ ရှရော့်ပ်ရှိုင်းယားဒေသ တယ်လ်ဖို့ဒ်မြို့ကလေးမှာ ရှိတဲ့ အိမ်ကို အရေးပေါ်ဆေးတပ်သားတွေ အမြန်ရောက်ရှိလာပြီး လဲကျနေသူ ဂျမ်မာကို ပရင့်စက်စ်ရွိုင်ရယ်ဆေးရုံကို ပို့ခဲ့ပါတယ်။ သူမကို လဲကျစေတဲ့ အမည်မသိရောဂါကို ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
မိခင်ဂျမ်မာကတော့ “ဂျက်ကော့ဗ်က ကျမရဲ့ သူရဲကောင်းပါ။ သူဒီလိုလုပ်တာ ကျမသိလိုက်တော့ သူ့အတွက် အရမ်း ဂုဏ်ယူပါတယ်။ သူက ကျမအသက်ကို ကယ်လိုက်တယ်” လို့ ပြောခဲ့ပါတယ်။
စကားပြောဖို့ အခက်အခဲရှိတဲ့ ကလေးတစ်ဦးအနေနဲ့ သူက တကယ့်ကို ရဲရင့်ကောင်လေးပါ။
“သူ့မှာက စကားပြော ခက်ခဲတဲ့ပြဿနာရှိတယ်။ စကားလုံးနည်းနည်းလာက်ကိုပဲ သူက ရှင်းရှင်းလင်းလင်း ပြောနိုင်တယ်။ စာကြောင်းပြောဖို့ ဆို သူအနေနဲ့ အရမ်းခက်ခဲတယ်။ ဒါပေမယ့် နှောင့်နှေးမနေပဲ ဖုန်းခေါ်ဖို့ကို သူသိပြီး ကျမအသက်ကို သူကယ်လိုက်တယ်” လို့ မိခင်က ပြောပါတယ်။
4 years Ago