၉၇လမ်းမီးလောင်မှု

February 19, 2020

မင်္ဂလာတောင်ညွန့် ၉၇ လမ်း မီးလောင်မှု  လူ ၃ ဦး သေဆုံး

ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၇ လမ်း မီးလောင်မှုဖြစ်စဉ်ကြောင့် သေဆုံးသူတွေဟာ  အထဲမှာ လှောင်ပိတ်မိနေတဲ့အချိန် အကူအညီမတောင်းဘဲ မီးကို ကြိတ်ငြှိမ်းသတ်နေတာကြောင့် ကြေကွဲစရာ သေဆုံးခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။  မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွတ်လပ်ရေးရပ်ကွက် ၉၇ လမ်း၊ ကောင်းထက်ဆေးခန်း အပေါ်ထပ် ၂ လွှာမှာ ဖေဖော်ဝါရီ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ဝန်းကျင်လောက်  မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး နှစ်ဦးနဲ့ ကလေးငယ်တဦးတို့ မီးခိုးမွှန်၊ မီးလောင်သေဆုံးခဲ့တယ်လို့ မင်္ဂလာတောင်ညွန့် မြို့နယ် ဦးစီးမှူး ဦးဌေးလင်းဦး က ပြောပါတယ်။ မီးလောင်မှုဖြစ်တဲ့ အိမ်မှာ မိသားစု ငါးဦးနေထိုင်ပါတယ်။  မိသားစုဝင်တို့ အလုပ်သွားနေချိန် အိမ်ရှင်အမျိုးသမီးနဲ့ ဧည့်သည်အဖြစ် လာရောက်တဲ့ သားအမိနှစ်ဦးတို့ ရှိနေချိန်မှ  ကလေးငယ်က မီးခြစ်နဲ့ ဆော့ကစားရာကနေ မီးလောင်မှု ဖြစ်ပွားခဲ့တာပါ။   မီးလောင်တဲ့အချိန်မှ    မီးခိုးအရှိန်ကြောင့် ပိတ်မိနေသူတွေကို ထွက်ပြေးဖို့ အဆင်မပြေတာ ကြောင့်  ရပ်ကွက်နေပြည်သူ တချို့ကတော့ နီးစပ်ရာခုန်ချဖို့ သတိပေးပြောဆိုခဲ့တယ်လို့ အိမ်နီးချင်း နေထိုင်သူတွေက ဆိုပါတယ်။  မင်္ဂလာတောင်ညွှန့်မြို့နယ်က မီးလောင်တဲ့ ၉၇ လမ်းက အဆောက်အဦးဟာ အရေးပေါ် အသုံးပြုဖို့ နောက်ဖေးလှေကား မပါရှိတာနဲ့ ထွက်ပေါက်မရှိတာကြောင့် မီးခိုးမွှန် သေဆုံးရတာ ဖြစ်နိုင်တယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။   လက်ရှိတော့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး သေမှုသေခင်းနဲ့ အမှုဖွင့်ထားပါတယ်။   သတင်း - နန့်ခိုင်  Photo - Kyaw Swar Tun / MPA
1 year Ago
Up