၈ ဦးသေဆုံး

August 9, 2020

ဆိုမာလီနိုင်ငံ စစ်အခြေစိုက်စခန်းတွင် ပေါက်ကွဲမှုကြောင့် ၈ ဦးသေဆုံး၊ ၁၄ ဦး ဒဏ်ရာရ

ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးက စစ်တပ်အခြေစိုက်စခန်းတခုမှာ သြဂုတ် ၈ ရက်က ပေါက်ကွဲမှုတရပ်ကြောင့် လူ ၈ ယောက်ထက် မနည်း သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရတယ်လို့ အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်သားတွေက ပြောပါတယ်။ အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုက သူတို့လုပ်ရပ်အဖြစ် တာဝန်ခံခဲ့ပြီး ဗိုလ်မှူး အဘ်ဒူလာဟီ မိုဟာမဒ်က “ကျနော်တို့က မိုဂါဒစ်ရှူးမြို့က ဖောက်ပြန်ရေးသမား စစ်တပ်အခြေစိုက်စခန်းကြီးတခုအပေါ် အာဇာနည် စစ်ဆင်ရေးလုပ်ငန်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်။ ရန်သူတွေ အသေအပျောက် အများကြီးရှိခဲ့တယ်။ စစ်ကားတွေ ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။  ဆိုမာလီမှာ ၁၉၉၁ ခုနှစ်က နိုင်ငံခေါင်းဆောင်ကို ရာထူးချအပြီး တယောက်နဲ့ တယောက် အပြိုင်အဆိုင် သူတလူ ငါတမင်း ဖြစ်နေလို့ လူသေဆုံးတဲ့ အကြမ်းဖက်မှုတွေ ထူပြောပါတယ်။  ၂၀၀၈ မှာတော့ အယ်လ်ရှာဘတ် စစ်သွေးကြွတွေက နိုင်ငံတကာ အသိအမှတ်ပြု ဗဟိုအစိုးရကို ဖြုတ်ချဖို့နဲ့ တင်းကြပ်တဲ့ အစ္စလာမ္မစ် ရှရှိယာ ဥပဒေကို အခြေခံအုပ်ချုပ်ဖို့ တိုက်ပွဲဝင်နေပါတယ်။  
1 year Ago

March 31, 2020

ဆေးဘက်လေယာဉ်တစီး မနီလာလေဆိပ်ကအတက်ပေါက်ကွဲပြီး ၈ ဦးသေဆုံး

ဆေးဘက် ကယ်ဆယ်ရေး လေယာဉ်တစီးဟာ ဖိလစ်ပိုင်မြို့တော် မနီလာလေဆိပ်ကနေ မတ်လ ၂၉ရက်က ပျံတက်နေတုန်း ပေါက်ကွဲခဲ့လို့ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်နဲ့လေယာဉ်အမှုထမ်း ၈ ယောက်စလုံး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။  ဖိလစ်ပိုင်မှာ မှတ်ပုံတင်ထားတဲ့ လိုင်းယန်းအဲလေကြောင်းလိုင်းပိုင် လေယာဉ်ဟာ ဂျပန်နိုင်ငံ ဟာ့နဲဒါလေဆိပ်ကို သွားဖို့ ပျံတက်ခဲ့တာပါ။  ဒါပေမယ့် ဒေသစံတော်ချိန် ည ၈ နာရီမှာ လေယာဉ်ပြေးလမ်းကနေ အရှိန်ယူ ပျံတက်ဖို့ မောင်းနှင်ရာမှာ ပြေးလမ်းအဆုံးမှာပဲ ပေါက်ကွဲမီးလောင်သွားခဲ့တယ်လို့ မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်အာဏာပိုင်အဖွဲ့ (MIAA)က ပြောပါတယ်။  အင်ဂျင် ၂ လုံးတပ် West Wind 24 လေယာဉ်ဟာ ဆေးဘက်အရာရှိ ၃ယောက် လေယာဉ်အမှုထမ်း ၃ ယောက်နဲ့ လူနာတယောက် သူ့အဖော် တယောက် တို့ကို တင်ဆောင်ပျံတက်ချိန် ခုလို ပေါက်ကွဲ မီးလောင်တာလို့ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်နဲ့ ဖိလစ်ပိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ရစ်ချတ် ဂေါ်ဒွန် က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။ ဖိလစ်ပိုင်အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ခုလိုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ (MIAA) က ပြောပါတယ်။ လေယာဉ်ပြေးလမ်းကို ယာယီပိတ်ထားခဲ့လို့ ကိုရီးယားလေကြောင်းလိုင်းကို ဖိလစ်ပိုင် မြောက်ပိုင်းက ကလာ့ခ်လေဆိပ်ဆီ လွှဲပြောင်း ဆင်းသက်နိုင်ရေး စီစဉ်ပေးခဲ့ရတယ်လို့ (MIAA) ရဲ့ အထွေထွေ မန်နေဂျာက ပြောပါတယ်။  သန်းခေါင်ကျော် ၂ နာရီ လောက်မှာ လေယာဉ်ပြေးလမ်းကို ပြန်ဖွင့်နိုင်ခဲ့တယ်လို့လည်း သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။  လေယာဉ်ပျက်ကျတဲ့အထဲ ကနေဒါနဲ့ အမေရိကန် နိုင်ငံသားတွေ ပါတယ်လို့ ကနေဒါ အစိုးရက အတည်ပြုပါတယ်။ ကျန် သေဆုံးသူ ၆ ဦးကတော့ ဖိလစ်ပိုင် နိုင်ငံသားတွေ ဖြစ်ပါတယ်။
2 years Ago
Up