၈၈ မျိုးဆက်

May 22, 2019

ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံပေးထား

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေ တရားရုံးထုတ်ရာမှာ ရုန်းရင်းဆန်းခတ် ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ ကိုနန်းလင်းနဲ့ ဒေါ်နီလာသိန်း အပါအဝင် ၅ ဦးကို ကိုယ်ပိုင်ခံဝန်နဲ့  အာမခံပေးထားပါတယ်။ ဗိုလ်တထောင်ရဲစခန်းမှ ရဲမှူးနေဝင်းက မေလ ၂၁ ရက်နေ့မှာ တာဝန်ဝတ္တရား နှောင့်ယှက်မှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ အမှုဖွင့် တရားစွဲဆိုပြီး ဒီနေ့ မေလ ၂၂ ရက်နေ့မှာ ကိုယ်ပိုင်ခံဝန် အာမခံပေးခဲ့တာပါ။ ၈၈ မျိုးဆက်က ဒေါ်နီလာသိန်းကိုတော့ မေ ၂၁ ရက် ညက ၅၁ လမ်းနေအိမ်ကနေ ဗိုလ်တထောင်ရဲစခန်းမှာ စစ်ဆေးဖို့ ခေါ်ဆောင်ခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနဲ့ ကိုမင်းဟန်ထက်တို့ ၄ ဦးကတော့ ဒီကနေ့မှာ ဗိုလ်တထောင်ရဲစခန်းကို လာရောက်ခဲ့ပြီး ကိုယ်ပိုင်ခံဝန်နဲ့ အာမခံရရှိခဲ့တယ်လို့ အမှုဖွင့်ခံထားရတဲ့ မရှားယမုံက ပြောပါတယ်။ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို မေလ ၂၀ ရက်က တရားရုံးထုတ်လာချိန်မှာ လက်ထိပ်ခတ်ထားတဲ့အတွက် အချုပ်ကားပေါ်ကအဆင်းမှာ ရဲတွေနဲ့ အားပေးထောက်ခံသူတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေါ်နီလာသိန်း၊ ကိုနန်းလင်း၊ မရှားယမုံ၊ ကိုနိုင်ကိုသူနဲ့ ကိုမင်းဟန်ထက်တို့ကို ပြည်သူ့ဝန်ထမ်းတဦး ပြည်သူဆိုင်ရာ အလုပ်ဝတ္တရား ဆောင်ရွက်နေသည်ကို ဟန့်တားခြင်းပုဒ်မ ၁၈၆၊ ပြည်သူ့ဝန်ထမ်းတဦးအား တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ဟန့်တားရန် မိမိအလိုအလျောက် နာကျင်စေမှု ပုဒ်မ ၃၃၂၊ အားပေးကူညီမှုပုဒ်မ ၁၀၄၊ လက်ရောက်မှုကျူးလွန်ခြင်း ပုဒ်မ ၃၅၃ တို့နဲ့ ဗိုလ်တထောင်ရဲစခန်းက အမှုဖွင့်လှစ်ထားတာပါ။ လက်ရှိအခြေအနေမှာတော့ တရားစွဲခံထားရသူတွေကို ငွေကျပ်သိန်း ၁၀၀ ပိုင်ဆိုင်သူရဲ့ ထောက်ခံချက်နဲ့ ကိုယ်ပိုင်ခံဝန်လက်မှတ်ထိုး အာမခံပေးထားကာ ရုံးချိန်းခေါ်မယ့်နေ့  ရဲစခန်းက ဖုန်းဆက်အကြောင်းကြားမယ်လို့ သိရပါတယ်။ သတင်း - ယူမင်းစိုး
2 years Ago

August 13, 2018

၈၈မျိုးဆက်ကျောင်းသူ မမီးမီး ရုတ်တရက်ကွယ်လွန်

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးဟာ သြဂုတ် ၁၃ ရက် ဒီကနေ့ ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်မှာ ကားမတော်တဆဖြစ်ပြီး ကွယ်လွန်သွားပါတယ်။ မနီလာသိန်းနဲ့ မမီးမီး တို့အပါအဝင် အဖွဲ့သား ၄ ယောက် လိုက်ပါလာတဲ့ ကားဟာ ကျောင်းကုန်းမြို့နယ်မှာ ဒီကနေ့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှာ မမီးမီးဟာ အရေးပေါ် ဆေးရုံတင် ဆေးကုသမှု ခံယူရင်း ဆေးရုံမှာ ကွယ်လွန်သွားတာလို့ ပြည်သူ့ပါတီ ဗဟိုကော်မတီဝင် ကိုကျော်လင်းက ပြောပါတယ်။ “ကိုဂျင်မီနဲ့ အဆက်အသွယ်ရတယ်။ မမီးမီးက ပထမ လက်ကျိုးတယ်လို့ သိရတယ်။ နောက်တော့ အဆုတ်ထဲကို သွေးဝင်ပြီး ပုသိမ်ဆေးရုံကို ပို့ဖို့လုပ်ရင်း ဆုံးသွားတာ။ ကိုဇော်ဝင်းမောင်နဲ့ မခက်လည်း ဒဏ်ရာ ပြင်းတယ်လို့ သိရတယ်။ အခုတော့ ဘော်ဒီကို ရန်ကုန်သယ်ဖို့ လုပ်နေပါပြီ” လို့ ပြောပါတယ်။ ကျန်သူတွေကတော့ အသက်အန္တရယ်မရှိဘူးလို့ သိရပါတယ်။
3 years Ago
More News
Up