၈၈၈၈ နှစ်ပတ်နေ့

August 8, 2021

တိုကျိုမြို့တွင် ၈၈၈၈ နှစ်ပတ်နေ့ ချီတက်ဆန္ဒပြ

သြဂုတ် ၈ ရက်မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၃ နှစ်ပြည့်အခမ်းအနားနဲ့ အမျိုးသားညီညွတ်ရေးအစိုးရထောက်ခံပွဲကို ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေက ဒီနေ့ မွန်းလွဲ ၂ နာရီလောက်က တိုကျိုမြို့ ဂိုးဒင်းဒပန်းခြံမှာကျင်းပပြီး တိုကျိုမြန်မာသံရုံးရှေ့ကို ဖြတ်ကာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တဲ့ ရှစ်လေးလုံးစိတ်ဓာတ်ကို  မမေ့မလျော့ဘဲ  ရှစ်လေးလုံး စိတ်ဓာတ်ကိုင်ဆွဲကာ  XYZ မျိုးဆက်တွေ စုပေါင်းပြီး ၂၀၂၁ မှာ လည်း စစ်အာဏာရှင်ကိုဆန့်ကျင် အမြစ်ဖြုတ်ဖို့ ဆန္ဒဖော်ထုတ်ကြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုမျိုးကြီးက ပြောပါတယ်။

တိုကျိုမြို့ဆန္ဒပြပွဲကို ဆိုင်းတမ၊ ချီးဘား၊ ဂွန်းမား၊ ယိုကိုဟားမား ခရိုင်က မြန်မာတွေလည်း လာရောက်ပူးပေါင်း ဆန္ဒပြချီတက်ခဲ့ကြပါတယ်။ 

ချီးဘားခရိုင်က အသက်၂၂နှစ်အရွယ် မြန်မာကျောင်းသူတဦးကတော့ သူ့အနေနဲ့ ၁၉၈၈မှာ မမွေးသေးပေမယ့် အခု ၃၃ နှစ်အကြာမှာ စစ်အာဏာရှင်စနစ်ပြန်လည်ပေါ်လာလို့ အမြစ်ဖြတ်ချင်လို့ လာရောက်ပူးခဲ့တာလို့ဆိုပါတယ်။ 

ဆိုင်းတမခရိုင်မှ လာရောက်ခဲ့သူ ကိုမျိုးကျော်အောင်ကတော့ ရှစ်လေးလုံးကိုမမှီပေမယ့် စစ်အာဏာရှင်ရဲ့ ဆိုးရွားမှုကို ၂၀၂၁ ခုမှာ ကိုယ်တိုင်မြင်တွေ့ရပြီးခံစားနေရတဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားထည်းရှိကြောင်းပြချင်လို့ ဆန္ဒပြတာလို့ ပြောပါတယ်။ 

ဆန္ဒပြပွဲကို ဂျပန်ရောက်မြန်မာနိုင်ငံသား ၃၀၀ ကျော်နဲ့  မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေလည်းပါဝင်ခဲ့သလို  ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။

သတင်းဓာတ်ပုံ- ဇော်ဇော်လှိုင်

4 months Ago
Up