၈၈

August 7, 2018

၈၈ မှ စွဲထင်နေတဲ့ အမာရွတ်ကလေးများ

ဖြစ်နိုင်ရင် ဒီအကြောင်းတွေကို ပြန်မပြောချင်ဘူး။ ပြောပြန်ရင်လည်းး “ဟုတ်ရဲ့လား” ဆိုတဲ့ သံသယနဲ့ အမေးဒဏ်ကို ကျနော် ခံနိုင်မည်မထင်။ ဒါပေမယ့် ဒီအကြောင်းအရာတွေက တကယ်ဖြစ်ခဲ့တာ။ အခုထိ စိတ်ထဲမှာ နေရာယူနေဆဲ။ ဒဏ်ရာမကျက်သေးဘူးဆိုရင် ပိုမှန်လိမ့်မယ်။ မိတ်ဆွေတယောက်ကတော့ အဲဒါ “ဆိုက်ကိုထရော်မာ” ပေါ့ဗျာတဲ့။ စိတ်ဒဏ်ရာတခု ရှိနေခဲ့ပါတယ်။ အဲဒီနေ့က စက်တင်ဘာ ၁၉ ရက်နေ့။ စစ်တပ်က အာဏာသိမ်းပြီး နောက်တနေ့ပေါ့။ တက္ကသိုလ်ဆရာများအသင်းနဲ့ ကျောင်းသားတွေ ဒီနေ့ ဆန္ဒပြ ချီတက်ဖို့ ချိန်းဆိုထားတယ်လို့ ကြားတော့ တားဖို့အကြောင်းက ရှိလာပြီ။ ဒီမနက် သွားမှဖြစ်မှာ။ မနက်စာစားပြီးတာနဲ့ အိမ်ထွက်ဖို့ပဲ။ ပဲပြုတ်သည် မလာသေးတာနဲ့ စောင့်နေရတယ်။ အတန်ကြာထိ စောင့်ပေမယ့် ပဲပြုတ်သည်က မလာသေးဘူး။ အိမ်ကထွက်လာတော့ သေနတ်သံ သဲ့သဲ့လေး တချက်တချက် ကြားနေရတယ်။ ဆေးရုံကြီးရှေ့ရောက်တော့ သူတို့ ထွက်သွားကြပြီ။ ဒီလိုနဲ့ မြို့ထဲကနေ လမ်းလျှောက်ပြီး ကျောင်းကို ထွက်ခဲ့တယ်။ လမ်းတလျှောက်လုံး သေနတ်သံတွေ ထုံ့ပိုင်း ထုံ့ပိုင်း ကြားနေတယ်။ နောက် တဖြည်းဖြည်း အသံတွေ စိတ်လာတယ်။ လမ်းလျှောက်သွားရတာ ဆိုပေမယ့် အေးအေးလူလူတော့ မဟုတ်ဘူး။ လမ်းတိုင်းလမ်းတိုင်းမှာ လူထုနည်း လူထုဟန်နဲ့ စစ်ကားတွေ မဝင်လာနိုင်အောင် ရပ်ကွက်ထိပ်တွေ၊ လမ်းမကြီးတွေပေါ်မှာ သစ်တုံးတွေ ချထားတယ်။ အဲဒီသစ်တုံးတွေကို ရှင်းပြီး စစ်ကားတွေက ရှေ့ကို တရွေ့ရွေ့ချင်း တက်လာလိုက်၊ ပစ်ခတ်လိုက်၊ ဖမ်းဆီးလိုက် လုပ်နေတယ်။ လမ်းရှင်းတယ်ဆိုလို့ စစ်သားတွေ လမ်းရှင်းတယ် မထင်လိုက်နဲ့။ လမ်းလျှောက်လာတဲ့ လူအုပ်ထဲက တချို့လူတွေကို သေနတ်နဲ့ချိန် ဖမ်းခေါ်ပြီး သစ်တုံးတွေကို အရွှေ့ခိုင်းတာ။ ပေါ်တာဆွဲတဲ့ သဘောပေါ့ဗျာ။ အတော်ကို သတိထားပြီး သွားရတာပါ။ လမ်းလျှောက်လိုက်၊ စစ်ကားရှိ၊ မရှိ အဝေးကနေ လှမ်းကြည့်လိုက်၊ သေနတ်သံ ကြားလိုက်၊ ပုန်းကွယ်လိုက်ပေါ့။ သစ်ပင်လဲကျနေတာ၊ သစ်တုံးတွေ လမ်းပေါ်ချထားတာတွေရှိရင် ရှောင်ကွင်းသွားရတယ်။ ပေါ်တာလွတ်အောင် သွားရ၊ ကျည်မထိအောင် ရှောင်ရ၊ အဖမ်းမခံရအောင် တိမ်းရနဲ့။ ဒီလိုနဲ့ ဟံသာဝတီအဝိုင်းအလွန် အသံလွှင့်ရုံနားရောက်တော့ စစ်ကားတွေ သုံးစီးနဲ့ သေနတ်ကိုင်ထားတဲ့ စစ်သားတစု တွေ့တယ်။ လမ်းသွားလမ်းလာတချို့ ပေါ်တာဆွဲပြီး သစ်တုံး အမခိုင်းနေပြီ။ ကျနော် ရှေ့မဆက်တော့ဘဲ မလွယ်ပေါက်ကနေ ကျောင်းထဲ ငုံ့ဝင်လိုက်တယ်။ ကိုယ့်ကျောင်းထဲ ရောက်ပြီဆိုတဲ့ အသိနဲ့ စိုးရိမ်စိတ်တွေ လျော့ပါးသွားတယ်။ လွတ်လွတ်လပ်လပ် သက်ပြင်းချလို့ လေကို တဝကြီးရှူရင်း ပုဂံလမ်းအတိုင်း ကျောင်းဘက် ဆက်လျှောက်လာခဲ့တယ်။ ဆေးတက္ကသိုလ် (၁) ကို ဖြတ်၊ ပုဂံလမ်းပေါ် ရောက်တော့ လူသူရှင်းနေပြီ။ အန္တရာယ်အနံ့နဲ့ ဝေးတယ်ဆိုပေမယ့် သေနတ်သံကတော့ တချက်တချက် ကြားနေရသေးတယ်။ ဒီလိုနဲ့ တက္ကသိုလ်ဆေးရုံထောင့် ရောက်တော့ သထုံလမ်းကနေ သွားဖို့ စိတ်ကူးထားပေမယ့် သထုံဆောင်ရှေ့က တံခါးပိတ်ထားတဲ့အတွက် ဘယ်ဘက်ချိုးပြီး ဆေးရုံရှေ့ကပဲ ဖြတ်လျှောက်လိုက်တယ်။ လှည်းတန်းမီးပွိုင့်ထိပ်မှာ၊ ငါးဖက် ငါးတန် စစ်ကားတွေ ပိတ်ထားတယ်။ ကျောင်းရှေ့မှာ လူအနည်းငယ်ပဲ ရှိနေတယ်။ တက္ကသိုလ်စာတိုက်ရှေ့မှာတော့ ဆရာဦးအောင်မြင့်။ သူက သမိုင်းဌာနက ဆရာ။ မင်းသိင်္ခရဲ့ ဇာတ်လိုက်ထဲက တယောက်။ မင်းသိင်္ခကတော့ “မနှဲလေး အောင်မြင့်” လို့ ခေါ်တာ။ ဆရာက ကျောင်းဘက်ကို မတ်တတ်ရပ်ရင်း ငေးကြည့်နေလေရဲ့။ ကျနော်ကိုတွေ့တော့… “ဟေ့ မောင်ဌေးလွင်၊ ကျောင်းဝင်းထဲမှာ နယ်ကကျောင်းသားတွေ ရှိနေတယ်။ နယ်ကျောင်သားတွေကွ။ မသွားတတ် မလာတတ်နဲ့ အကုန် ဒုက္ခရောက်ကုန်တော့မယ်။ မင်းတို့ ဆရာအသင်းအနေနဲ့ တခုခုတော့ စီစဉ်ပေးမှ သင့်တော်မယ်ထင်တယ်..တဲ့။ ကျောင်းထဲရှိနေတာ ပိုလုံခြုံတာပေါ့ ဆရာရယ် ဆိုတော့..၊ မဟုတ်ဘူးကွ။ မကြာခင် စစ်တပ်က ကျောင်းကို ဝိုင်းပတ် ပိတ်ဆို့လိမ့်မယ်လို့ ထင်တယ်။ မင်း တခုခုတော့ စီစဉ်ပါတဲ့..။ ဒါနဲ့ ကျနော် ကျောင်းထဲဝင်ပြီး ကျောင်းသားတွေကို အမြန်ဆုံး အပြင်ထွက်ဖို့ပြောပြီး အထွက်ခိုင်းရတယ်။ ကျောင်းသားတွေ ပထမအသုတ် ထွက်သွားပြီး မကြာခင် ဆရာ ပြောသလိုပါပဲ။ တက္ကသိုလ်ဓမ္မာရုံကနေ တက္ကသိုလ်ဆေးရုံအထိ စစ်သားတွေ လက်နက်အပြည့်အစုံနဲ့ ချထားလိုက်ပါတော့တယ်။ ဆရာ့အတွေးအတိုင်း ဖြစ်လာပြီ။ ဒါတွေက ဆရာ့ဘဝမှာ သိပ်မဆန်း။ ဆရာက သခင်စိုးရဲ့ လက်ရုံးတဖက် ဖြစ်ခဲ့တာပဲ။ ထောင်ကထွက်မှ စာမေးပွဲဖြေပြီး ခက်ခက်ခဲခဲနဲ့ တက္ကသိုလ်မှာ ဆရာဖြစ်ခဲ့တာ။ ကျနော့်ကို မျက်ရိပ်ပြပြီး ဆရာ ထွက်သွားပြီ။ ကျနော်ပဲ လက်ကျန်ကလေးတချို့နဲ့ ကျန်ခဲ့တာ။ ဘက်နက်တဝင်းဝင်း၊ မောင်းတပြင်ပြင်နဲ့ မေးကြောတွေတင်းပြီး စစ်မာန်တက်နေတဲ့ စစ်သားတွေကြားထဲကနေ ကျောင်းသားအချို့ တိုးထွက်ဖို့ စိုးရွံ့နေဟန်ပါပဲ။ ကျန်ကျောင်းသားတွေကို လေးငါးဆယ်ယောက်စီ ခွဲပြီး တသုတ်ချင်း ခေါ်ဆောင်ရင်း အပြင်ကို ပို့နေတယ်။ လေးသုတ် ပို့ပြီးချိန်မှာတော့ ကျောင်းသား ကုန်သလောက် ဖြစ်သွားပြီ။ နောက်ဆုံးအသုတ်နဲ့အတူ ထွက်လာချိန်မှာတော့ တပ်ကြပ်ကြီးတယောက်နဲ့ စစ်သားနှစ်ယောက် ရောက်လာပြီး သူတို့ဗိုလ်ကြီးက ခဏလိုက်ခဲ့ပါဆိုတာနဲ့ သူတို့ခေါ်ရာ လှည်းတန်းမီးပွိုင့်ဘက် လိုက်ပါသွားခဲ့တယ်။ မီးပွိုင့်နားအရောက်မှာ ရှေ့က စစ်သားငါးယောက် ပြေးလာပြီး ကျနော့်ကို ထိုးကြိတ် ကန်ကျောက်ကြတယ်။ ဒီတော့မှ ကျနော် သတိရပြီး ဟေ့ ကျုပ် ကျောင်းသားမဟုတ်ဘူး။ ကျောင်းဆရာလို့ အော်ပြောရင်း ဆရာကတ် ထုတ်ပြတော့မှ ရပ်သွားတာပေါ့။ နောက်တော့ သူတို့ ဗိုလ်ကြီးဆိုသူကို သတင်းပို့တယ်။ အဲဒီအချိန် ဘေးကို စူးစမ်းကြည့်လိုက်တော့ ကျနော် ခေါ်ထုတ်လာတဲ့ ကျောင်းသား သုံးလေးဆယ်ကို တွေ့ရတယ်။ ပထမအသုတ်ကလွဲပြီး ကျန်အသုတ် အကုန်အဖမ်းခံထားရတယ်။ သူတို့အိတ်ထဲရှာပြီး စာရွက်စာတမ်းတွေ့သူ မှန်သမျှ လမ်းဘေးရပ်ထားတဲ့ တီအီး ဟီးနိုးစစ်ကားပေါ် ဆွဲတင်ထားတာ တွေ့ရတယ်။ ကျနော့်ကိုတော့ သီးခြားနေရာမှာ ထားတယ်။ သီးခြားနေရာဆိုလို့ နေရာကောင်းမှာလို့ မထင်လိုက်နဲ့။ အင်းစိန်လမ်းနဲ့ လှည်းတန်းလမ်းထောင့်မှာ အရင်က တြိဂံပုံ ပန်းခြံလေးလုပ်ပြီး ကာထားတာ။ လမ်းထောင့်တိုင်းမှာ အကွက်လေးတကွက်စီ် ရှိတယ်။ တကယ်တော့ ၁၉၈၀ ဝန်းကျင်လောက်အထိက အခု လှည်းတန်းမီးပွိုင့်ဆိုတာ မရှိသေးဘူး။ ကမာရွတ်အဝိုင်းလို့ ခေါ်တာ။ နောက်မှ အဝိုင်းကိုဖျက်ပြီး မီးပွိုင့်လုပ်တော့ ကျန်နေတဲ့ နေရာလပ်လေးတွေက လမ်းအနားသတ်ထောင့်တိုင်း ရှိနေတာ။ ကားမတော်တဆမှု မဖြစ်ရလေအောင် တြိဂံပုံဖော်ပြီး တပေအမြင့် သံပန်းတွေနဲ့ကာပြီး ပန်းလေးတွေ စိုက်ထားတဲ့နေရာပါ။ အနှီနေရာမှာ ကျနော့်ကို ယာယီထိန်းထားတာ။ အဲဒီနေရာကနေကြည့်ရင် လှည်းတန်းဈေးအထိ တိုးလျှိုးပေါက် မြင်နေရတယ်။ ကျနော့်ဘဝတလျှောက် မေ့မရနိုင်တဲ့ စိတ်ဒဏ်ရာ ဒီနေရာက စတာပဲ။ ကျနော့်ကို ယာယီထိန်းသိမ်းထားတဲ့ တြိဂံကျွန်းကလေးထဲမှာ ထိုင်နေရင်း သူတို့ လွှတ်မယ့်အချိန် စောင့်နေရတယ်။ ပျင်းလာတာနဲ့အမျှ ဘေးဘီဝဲယာကိုသာ ငေးမောကြည့်နေမိတာ အခုဆို တနာရီနီးပါးရှိပြီ။ အင်းစိန်ဘက် မျှော်ကြည့်လိုက်တော့လည်း စစ်သားတွေနဲ့ ဟိုတစု ဒီတစု လူနည်းနည်းစီ လျှိုလျှို သိုသိုသိပ်သိပ် ခပ်သုတ်သုတ် သွားနေတာကို ခပ်ပါးပါး တွေ့နေရတယ်။ အသံလွှင့်ရုံဘက်ကလည်း ထိုနည်းလည်းကောင်း။ တက္ကသိုလ်ရိပ်သာလမ်း တလျှောက်မှာလည်း စစ်သားကလွဲပြီး လူသူကင်းပ တိတ်ဆိတ်လို့။ လှည်းတန်းလမ်းပေါ်မှာတော့ သွားသွားလာလာတွေ အားလုံး တယောက်မကျန် အစစ်ဆေးခံနေရတာကို တွေ့နေရတယ်။ စစ်ဆေးတာ၊ ဖမ်းဆီးတာတွေ တယောက်နား တယောက် ကြားဟန်ထင့်။ လှည်းတန်းလမ်းလည်း တယောက်စ နှစ်ယောက်စက လွဲပြီး သွားလာတာတွေ ကင်းနေတယ်။ တခါတခါတော့ သေနတ်သံ ခတ်သဲ့သဲ့ ကြားရသေးတယ်။ ဆင်မလိုက်ဘက်ကလား။ ဆင်ရေတွင်းဘက်ကလား ဆိုတာ ဝေခွဲလို့မရဘူး။ လှည်းတန်းလမ်း ဝဲယာမှာရှိတဲ့ ဈေးအိမ်တွေ၊ လူနေအိမ်တွေ အားလုံး တံခါးပိတ်ထားကြတယ်။ အိမ်ပြတင်းဝလေးတွေမှာတော့ ခေါင်းအပြင်မထွက်ဘဲ အပြင်ကို စူးစမ်းတဲ့အကြည့်တွေနဲ့။ တခဏ တိတ်ဆိတ်နေတယ်။ ဒီလို တိတ်ဆိတ်နေတဲ့ အခြေအနေကို မကြိုက်နိုင်ဘူး။ စိတ်ထဲမှာ မကောင်းတဲ့ အရိပ်တခု လာတော့မယ်လို့ အနံ့အသက်တခု ရနေတယ်။ အဲဒီအချိန် ဈေးတောင်း ခေါင်းရွက်ထားတဲ့ အဘွားအိုတယောက် လှည်းတန်းလမ်းကြားလေးထဲကနေ ထွက်လာတာ တွေ့လိုက်ရတယ်။ အသက် ၅၀ ခန့်တော့ ရှိလိမ့်မယ်ထင်တယ်။ အခု စိန်ဂေဟာဘေးက လမ်းပေါ့။ အရင်ကတော့ စိန်ဂေဟာဆိုတာ မရှိသေးဘူး။ အခြေအနေ အေးဆေးသွားပြီလို့ ထင်ရတယ်။ အဘွားကြီးဆီက အော်ပြီးရောင်းတဲ့အသံ မကြားရပေမယ့် ပဲပြုတ်သည် ဖြစ်မယ်ဆိုတာ သူရွက်ထားတဲ့တောင်းကို ကြည့်ပြီး သိသာပါတယ်။ ဒီမနက် ပဲပြုတ်သည်စောင့်ရင်း စိတ်မရှည်တဲ့အဆုံး ထမင်းနဲ့ ပဲပြုတ် မစားခဲ့ရတာကို တွေးပြီး ဒုက္ခတောထဲမှာ ပြုံးမိသေးရဲ့။ ပဲပြုတ်သည်တွေကို အပြစ်တင်တယ်ဆို ပိုမှန်မလားပဲ။ အဲဒီလိုတွေးရင်း ကြည့်နေချိန်မှာပဲ စစ်သားတယောက်က လှမ်းခေါ်ပြီး တောင်းကို အောက်ချခိုင်းဟန် ရှိတယ်။ ဒီစစ်သား ပဲပြုတ်ဝယ်ဖို့တော့ မဟုတ်တန်ရာ။ ပဲပြုတ်တောင်းထဲကနေ စစ်သားတယောက်က ဆွဲယူလိုက်တယ်။ နောက်စစ်သားနှစ်ယောက်က အဘွားကြီးကို သေနတ်နဲ့ ချိန်ထားတယ်။ တောင်းထဲက အထုပ်တခု ထုတ်လိုက်တာကို အဝေးကနေ လှမ်းမြင်လိုက်ရတယ်။ စာရွက်တွေလို့ ယူဆရတယ်။ ဘာစာရွက်တွေလဲ။ ပဲပြုတ်ထုပ်ဖို့ စာရွက်အဟောင်းတွေပဲ ဖြစ်မှာပါ။ အဲဒီအချိန်က စာရွက်ကို ကန်တော့ချိုးပြီး ပဲပြုတ်ထည့်ပေးနေကျလေ။ ပလတ်စတစ်အိတ်မှ ခေတ်မစားသေးတာ။ အထုပ်ကို ဆွဲထုတ်လိုက်တဲ့ စစ်သားကပဲ တရွက်ချင်း ဟိုလှန်ဒီလှန် ကြည့်နေတာကို မြင်ရတယ်။ ကျနော့်အာရုံက အဲဒီမှာပဲ စိတ်ဝင်တစား ရှိနေတယ်။ ခဏနေတော့ စစ်ဆေးသူကပဲ ကျန်စစ်သားတယောက်ကို တီးတိုး စကားပြောနေတယ်။ ကျနော် အတော်စိုးရိမ်နေမိပြီ။ နောက်တော့ အဘွားကြီးကို သွားခွင့်ပြုလိုက်ဟန် ရှိတယ်။ အဘွားကြီးလည်း ဈေးတောင်းခေါင်းပေါ်တင်ပြီး တရွေ့ရွေ့ချင်း မီးပွိုင့်ဘက်ဆီ လျှောက်လာတာ တွေ့တော့ ကျနော်လည်း ဝမ်းသာစိတ်နဲ့ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့တယ်။ အဘွားကြီး လျှောက်လာလို့ ဆယ်လှမ်း ဆယ့်ငါးလှမ်း အရောက်မှာတော့ “’ဒိုင်း..ခနဲ” သေနတ်သံနဲ့အတူ လူတယောက် လဲကျသွားတယ်။ တောင်းတွေ၊ ပလုံးတွေ ပြန့်ကျဲလို့။ လူ ဘယ်ရောက်သွားလဲ။ ဘယ်သူ့ကို မှန်သွားတာလဲ။ ကျနော် မျက်စိစုံမှိတ်ပြီး စိတ်ကို ငြိမ်အောင်ထားလိုက်တယ်။ ရင်တွေက တဒုတ်ဒုတ် ခုန်နေဆဲ။ အာရုံစုစည်းမရ။ မကြုံဘူးတဲ့ မြင်ကွင်းကို မြင်လိုက်လို့ ထိတ်လန့်နေသလား။ ဝမ်းနည်းသလား။ ဒေါသထွက်နေသလား ကျနော် ဝေခွဲမရ။ တဖွဲဖွဲကျဆင်းနေတဲ့ မိုးရေစက်နဲ့အတူ ပါးပြင်မှာ မျက်ရည်စလား၊ မိုးစက်လား မဝေခွဲနိုင်တော့။ ဘယ်လောက်ကြာကြာ ကျနော် မိန်းမောနေလဲမသိတော့ ပုခုံးကို လာပုတ်ပြီး “ခင်ဗျား ပြန်လို့ရပြီ” တဲ့။ တခဏတော့ ကျနော် ပျော်သွားတယ်။ ဒီနေရာကလွတ် ပြီးရောစိတ်နဲ့ သုတ်ချေတင်မိတယ်။ ဦးချစ် လက်ဖက်ရည်ဆိုင် အလွန်ရောက်တော့ မြင်ကွင်းက သဲကွဲလာပြီး သေနတ်မှန်တဲ့လူ မရှိတော့သလို သေနတ်ပစ်သူတွေလည်း မရှိတော့။ နောက်လှည့်ကြည့်မိတော့ မီးပွိုင့်မှာ ယာယီစခန်းထိုင်သူတွေလည်း မရှိတော့ဘူး။ ကျနော် လမ်းလျှောက်သွားတဲ့ အခြေအနေကို ကြည့်ပြီး အန္တရာယ်အငွေ့ မတွေ့တော့မှ အလျှိုလျှို ထွက်လာကြတယ်။ ကျနော် လှည်းတန်းဈေးရှေ့ ရောက်တော့ မမြင်ရက်စရာ ပြန့်ကျဲနေတဲ့ တလက်မသာသာ ဦးခေါင်းခွံ အပိုင်းအစတွေ။ တဆတ်ဆတ်ခုန်နေတဲ့ သွေးခဲတွေ။ တကယ်တော့ ဦးနှောက်အပိုင်းအစ အခဲတွေ ခုန်နေတာ။ တဆတ်ဆတ်နဲ့။ ဘယ်လောက်များ နာကျင်လိုက်ရှာလေမလဲလို့ တွေးမိရင်း ငိုချင်လာမိတယ်။ ပစ်ချိန်နဲ့ ကျနော်ရောက်ရှိချိန် သူတို့ အလောင်းကို ရှင်းပြီးချိန်ဟာ တနာရီနီးပါး ရှိနေပြီ။ ဒီအချိန်ထိ ခုန်နေဆဲပဲလေ။ သိသူတွေ ပြောပြတာကတော့ အဘွားကြီးက စာမတတ်ရှာဘူး။ စာရွက်တွေ တထပ်ကြီးတွေ့တော့ ပဲပြုတ်ထုပ်ဖို့ဆိုတဲ့ အတွေးနဲ့ ကောက်ယူလာရှာတာ။ စာရွက်တွေ မဝယ်ရတော့ အိမ်စရိတ် အနည်းငယ်ဖာတာပေါ့လို့များ တွေးလေသလား မသိ။ သြော်... သနားစရာ အဘွားရယ်လို့ တရင်း ကျနော် ခေါင်းငိုက်စိုက်ချလို့ အိမ်ပြန်လာခဲ့ပါတော့တယ်။ ကျနော် ပြန်လာသည်အထိ ပဲပြုသည်အဘွားရဲ့ ဦးနှောက်သွေးခဲလေးတွေ တဆတ်ဆတ် ခုန်နေတုန်းပဲ။ အခုထိလည်း ကျနော့်နှလုံးသားနဲ့ ကျနော့်အာရုံမှာ ရှစ်လေးလုံးအကြောင်း တွေးမိလေတိုင်း စတေးခံ အညတရ ပဲပြုတ်သည် အဘွားရဲ့ ဦးနှောက်သွေးခဲတွေနဲ့အတူ တဆတ်ဆတ် ခုန်နေဆဲပါပဲလေ။ ထွန်းဇော်ဌေး
3 years Ago
Up