မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းက လောင်စာပိုက်လိုင်း ပေါက်ကွဲမီးလောင်မှုကြောင့် ဇန်န၀ါရီ ၂၁ ရက်နေ့ စာရင်းအရ လူ ၈၅ ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ကျန်းမာရေးဝန်ကြီးက ဇန်နဝါရီ ၂၁ ရက်မှာ ပြောပါတယ်။
လောင်စာဆီသူခိုးတွေလို့ သံသယရှိတဲ့လူတွေကြောင့် ပိုက်လိုင်းကွဲအပြီးမှာ ခုလိုပေါက်ကွဲ လောင်ကျွမ်းခဲ့တာလို့ မီဒီယာတွေက အစီရင်ခံပါတယ်။
ပိုက်လိုင်းပေါက်ပြီး ၂၃ ပေလောက် မြင့်အောင် ပန်းထွက်နေတဲ့ လောင်စာဆီတွေကို ပုံးတွေ စည်တွေနဲ့ခံဖို့ ဒေသခံတွေ စုပြုံရောက်လာချိန်မှာ ပိုက်လိုင်းက မီးလောင်ပေါက်ကွဲခဲ့တယ်။
လူ ၇၄ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ မက္ကဆီကိုသမ္မတ အန်ဒရေ လိုပဲ့ဇ် အိုဘရဒေါနဲ့အတူ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြည်နယ်အုပ်ချုပ်ရေးမှူး အိုမာဖေးယဒ်က ပြောခဲ့ပါတယ်။
ဒဏ်ရာရသူတွေထဲက လူ ၅၈ ယောက်ကို ဆေးရုံတင်ပို့ထားရပြီး အခြေအနေ ပိုဆိုးတဲ့ လူတွေကို အထူးဂရုစိုက်ကုသပေးဖို့ မက္ကဆီကို စီးတီးမြို့တော်ဆီ ရွှေ့ပြောင်းထားရတယ်လို့ ကျန်းမာရေးဝန်ကြီးက အတည်ပြု ပြောဆိုပါတယ်။
မိသားစုတွေက သေဆုံးသူတွေကို စတင်မြှုပ်နှံနေပြီး အလာင်းတွေကို ဆက်ရှာပေးဖို့၊ မှုခင်းဆေးပညာရှင်တွေကို ပြန်ခေါ်ပေးဖို့ အစိုးရကို တောင်းဆိုပါတယ်။ အလောင်းအများအပြားက မမှတ်မိနိုင်အောင် မီးကျွမ်းထားလို့ အလောင်းလွှဲပြောင်းရေး လုပ်ငန်းစဉ်က နှေးကွေးနေပါတယ်။
အလောင်းတွေထဲက ၅၄ လောင်းက ဘယ်သူဘယ်ဝါ ခွဲခြားမရတာကြောင့် ဒီအန်အေ မျိုးဗီဇ စစ်ဆေးဖို့ လိုတယ်လို့ မီးလောင်ရာဒေသ ဟီဒယ်ဂိုး ပြည်နယ် အစိုးရရှေ့နေက ပြောပါတယ်။
2 years Ago