၇ နှစ်သား ကလေးငယ်ကို မြစ်ထဲတွဲလောင်းချ ပြစ်ဒဏ်ပေးစာသင်သည့် ဖခင်ရုပ်သံ ပျံ့နှံ့

March 2, 2017

၇ နှစ်သား ကလေးငယ်ကို မြစ်ထဲတွဲလောင်းချ ပြစ်ဒဏ်ပေးစာသင်သည့် ဖခင်ရုပ်သံ ပျံ့နှံ့

တရုတ်နိုင်ငံမှာ အသက် ၇ နှစ်အရွယ် သားငယ်ကို မြစ်ထဲ ကြိုးနဲ့ တွဲလောင်းချပြီး ပြစ်ဒဏ်ပေး စာသင်ခဲ့တဲ့ ဖခင်ဖြစ်သူရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ပျံ့နှံ့နေပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ခရိုင်၊ မိုင်ရှန်မြို့မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ဖခင်ဖြစ်သူဟာ ကလေးငယ်ကို ကြိုးနဲ့ဆွဲကာ မြစ်ပြင်ပေါ်မှာ တွဲလောင်းချလျက်သား အနေအထားနဲ့ ထားခဲ့ချိန်မှာ ကလေးငယ်က အော်ဟစ်ငိုယိုကာ တောင်းပန်နေခဲ့တာကို တွေ့ရပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူက အောက်ကို ချမပေးခဲ့ဘဲ ကြိုးကိုနှိမ့်ကာ မြစ်ပြင်ဆီချဖို့ ကြိုးစားခဲ့တာပါ။ ကလေးငယ်က “ဖေဖေ သားတောင်းပန်ပါတယ်။ ဆက်မလုပ်ပါနဲ့” လို့ ပြောခဲ့ချိန်မှာ ဖခင်ဖြစ်သူက “မင်းမငိုနဲ့တော့။ ဆက်ငိုနေရင် ဆက်လုပ်ရလိမ့်မယ်” လို့ ပြန်ပြောခဲ့တာပါ။ ဒါဟာ သင်္ချာသင်ခန်းစာသင်နေတာဖြစ်တယ်လို့ဆိုပြီး အနီးနားက ရှိနေကြသူတွေဟာလည်း ကူညီမပေးခဲ့ကြဘဲ ဒီအတိုင်းကြည့်နေခဲ့ကြတာကို တွေ့ရပါတယ်။ အဲဒီနောက်တော့ ဖခင်ဖြစ်သူ အမျိုးသားက “၈၈ အပေါင်း ၁၂” လို့ မေးခွန်းမေးခဲ့ချိန်မှာ ကလေးငယ်ဟာ တွဲလောင်းအနေအထားနဲ့ တွက်ချက်ပြီး ပြန်ဖြေခဲ့ရတာပါ။ မေးခွန်းအနည်းငယ်မေးအပြီး ကလေးငယ်က မေးခွန်းတွေကို အကုန်ဖြေနိုင်ခဲ့ပြီးမှ ဖခင်ဖြစ်သူက ကုန်းပေါ် ပြန်တင်ပေးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီအဖြစ်အပျက်မှာ ဖခင်ဖြစ်သူ အမျိုးသားရဲ့ မိဘအဖြစ် ထိန်းကျောင်းပဲ့ပြင်မှုအပေါ် ဘယ်လိုအရေးယူခဲ့သလဲ ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။
5 years Ago
Up