၇ တန်း ကျောင်းသား

July 20, 2020

၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှုဖြင့် ၇ တန်း ကျောင်းသားကို အမှုဖွင့်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောက်အိုင်ကျေးရွာမှာ ဇူလိုင် ၁၉ ရက်နေ့က ၄ နှစ် မိန်းကလေးငယ်ကို ၇ တန်းကျောင်းသားက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး မိခင်ဖြစ်သူက အမှုဖွင့်တိုင်တန်းထားတယ်လို့ ခမုံဆိပ်နယ်မြေရဲစခန်း နယ်ထိန်းအရာရှိ ဒုရဲအုပ်သက်ဝေလွင်က ပြောပါတယ်။ အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မိခင်အိပ်ပျော်နေတဲ့အချိန်မှာ အိမ်နီးချင်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားက အိမ်နောက်ဘက် ချဉ်ပေါင်ခင်းထဲ ခေါ်ယူပြီး အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ “ပြုကျင့်တဲ့ ကောင်လေးကလည်း အသက်မပြည့်သေးတဲ့သူ ဖြစ်တာကြောင့် တရားရုံးမှာ ချက်ချင်း ရမန်ယူရမှာ ဖြစ်ပေမဲ့ ရုံးပိတ်ရက်ဖြစ်နေတာကြောင့် ကျနော်တို့ တရားသူကြီးကို ​အကြောင်းကြားထားပါတယ်။ ရာဇဝတ်မှုကြီးဖြစ်တဲ့အတွက် သူ့ကို စခန်းက အရာရှိအိမ်တခုမှာ ထိန်းသိမ်းထားပါတယ်။ မနက်ဖြန် ရုံးဖွင့်တဲ့အခါမှ ကလေးသူငယ်တရားရုံးမှာ ရမန်ယူရမှာ ဖြစ်ပါတယ်။”  အမှုကို ခမုံဆိပ်နယ်မြေရဲစခန်းမှာ မိခင်ဖြစ်သူ မမိုးမိုးက တရားလိုပြုလုပ် တိုင်တန်းတာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အမှုဖွင့်ပြီး အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ပံတန်းမြို့နယ်မှာ ၂၀၂၀ ပြည့်နှစ်အတွင်း အခုအမှုအပါအဝင် သက်ငယ်မုဒိမ်းမှု ၄ ခုနဲ့ မုဒိမ်းမှု ၂၊ စုစုပေါင်း ၆ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပြီး အများအားဖြင့် ကျေးရွာတွေကပဲ ဖြစ်တယ်လို့ သိရပါတယ်။ ​ပဲခူးတိုင်းဒေသကြီး(အနောက်)၊ ပြည်သာယာဒေသ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PTY-Group) ရဲ့ ဒါရိုက်တာ ဒေါ်သက်စုရီက “သက်ငယ်မုဒိမ်းတွေဟာ ကျေးလက်နေပြည်သူတွေကြားမှာ အခု တွေ့လာရပါတယ်။ အဓိကကတော့ အရွယ်ရောက်စ ဆယ်ကျော်သက်ကလေးတွေက အရာရာကို လက်တွေ့စမ်းသပ်ချင်ကြတဲ့ အ​နေအထားမှာ ပတ်ဝန်းကျင်နဲ့ မိဘက စောင့်ကြည့်သွန်သင်ပေးဖို့ အရေးကြီးပါတယ်။ အဲဒီလိုမဟုတ်ဘဲ sex အကြောင်းဆိုရင် ရှောင်နေကြပြီး၊ sex education ကို သိရမယ့် အသိဉာဏ်​ဆင်ခြင်မှုတွေအစား တလွဲတွေ သိလာကြတယ်၊ phone တွေထဲမှာလည်း sex movies တွေက လွယ်လွယ်ကူကူ ကြည့်လို့ရနေတော့ အတုခိုးမှားပြီး၊ လွယ်လွယ်ပဲ ကျူးလွန်မိတာပေါ့” လို့ ပြောပါတယ်။ ဝဏ္ဏထွန်း
10 months Ago
Up