၇၈ နှစ်မြောက်

December 8, 2019

ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု ၇၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်းက ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှု သမိုင်းဝင်ဖြစ်ရပ်ရဲ့ ၇၈ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ဒီဇင်ဘာ ၇ ရက်က ပုလဲဆိပ်ကမ်းမှာ ကျင်းပခဲ့ပါတယ်။ သောကြာနေ့က လုပ်တဲ့ အဲဒီအခမ်းအနားကို ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုထဲက အသက်ရှင် ကျန်ရစ်ခဲ့တဲ့ အမေရိကန် စစ်မှုထမ်းဟောင်းတွေ တက်ရောက်လာခဲ့ကြပါတယ်။ နှစ်စဉ် ကျင်းပတဲ့ အဲဒီအခမ်းအနားကို တက်ရောက်လာတဲ့ စစ်မှုထမ်းဟောင်း အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တဖြည်းဖြည်း လျော့ကျလာခဲ့တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဂျပန်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲလေယာဉ်တွေဟာ ပုလဲဆိပ်ကမ်းကို အလစ်ဝင် တိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်နိုင်ငံသား ၂၃၉၀ ကျော် သေဆုံးခဲ့လို့ အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်ထဲ ပါဝင်လာပြီး ဂျပန်ကို စစ်ကြေညာခဲ့တာပါ။ အဲဒီနောက် အမေရိကန်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့ကို အဏုမြူဗုံးကြဲခဲ့လို့ သိန်းချီတဲ့ အရပ်သားတွေ အသက်ဆုံးရှုံးခဲ့ရပြီး ဂျပန်လည်း စစ်ရှုံးခဲ့ရပါတယ်။  ပုလဲဆိပ်ကမ်း တိုက်ခိုက်ခံရမှုဟာ ဒုတိယကမ္ဘာစစ်ထဲကို အမေရိကန် ဝင်ရောက်လာတဲ့ အဓိက အကြောင်းရင်းတခုလည်း ဖြစ်ပါတယ်။
2 years Ago
Up