၆ နှစ်အရွယ် ကလေး သေဆုံး

November 20, 2016

ကုန်တိုက်အပြင်ဘက်က အများသုံးဘီရိုလဲကျလို့ ၆ နှစ်အရွယ် ကလေး သေဆုံး (ရုပ်သံ)

ကုန်တိုင်အပြင်ဖက်က ပစ္စည်းသိမ်းဆည်းဖို့ ထားတဲ့ အများသုံးဘီရို ကလေးနဲ့ကလေးအမေပေါ် လဲကျပြီးနောက် ၆ နှစ်အရွယ် ကလေး သေဆုံးသွားပါတယ်။ တရုတ်နိုင်ငံ အန်ကန်မြို့ရဲ့ ကုန်တိုက်အပြင်ဖက်က အများသုံးဘီရိုကိုဖွင့်ရင်း ဘီရိုတခုလုံးက ကလေးနဲ့ ကလေးအမေအပေါ်ကို လဲကျလာလို့ အမေခြေထောက်ကျိုးပြီး ကလေး သေဆုံးသွားကြောင်းကို မေရာရဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ သတင်းမှာ ဖော်ပြထားတာပါ။ လမ်းသွားလမ်းလာတွေက ကူညီပြီး ကလေးနဲ့ ကလေးအမေအပေါ် ပိနေတဲ့ ၆ ပေမြင့်တဲ့ စတီးလ် အများသုံးဘီရိုကို မတင်ပေးခဲ့လို့ သူတို့ ၂ ဦး ဘီရိုအောက်က ထွက်နိုင်ခဲ့ပါတယ်။ အမေက ခြေထောက် ကျိုးနေပေမယ့် သွေးတွေထွက်နေတဲ့ သူမရဲ့သားကို နီးစပ်ရာ ဆေးရုံကို ပို့ခဲ့ပြီး ဆရာဝန်တွေကလည်း ဒဏ်ရာအပြင်းအထန် ရနေတဲ့ကလေး အသက်ရှင်အောင် ၂ နာရီကြာ ကြိုးစားကုခဲ့ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လဲကျလာတဲ့ ဘီရိုရဲ့ သံကိုင်းတွေက ကလေးရဲ့ခေါင်းကို ထိခိုက်မိပြီး ကလေး သေဆုံးသွားပါတယ်။ တရုတ်နိုင်ငံ အန်ကန်မြို့က ကုန်တိုက်ရှေ့ စီစီတီဗီကင်မရာမှာ အစောပိုင်း ဘီရိုမလဲခင် အမေနဲ့ကလေးတို့ရဲ့ ရုပ်ပုံတွေကို စက္ကန့်ပိုင်း မြင်တွေ့ရမှာပါ။ အမေက အများသုံးဘီရိုထဲက သူမပိုင်ပစ္စည်းကို ပြန်ယူဖို့ ဘီရိုဖွင့်စဉ်မှာ ကလေးက အမေရဲ့အနားမှာ ရပ်နေတာပါ အဲဒီနောက်တော့ ဘီရိုတခုလုံးက သူတို့အပေါ်ကို လဲကျလာတာပါ။ ဘီရိုလဲကျလာပုံကို မပြသလိုတဲ့အတွက် မေရာအွန်လိုင်းသတင်းက တည်းဖြတ်ထားပါတယ်။ အများသုံးဘီရိုက လွန်ခဲ့တဲ့ ၂ ပတ်လောက်က ဖွင့်ထားတဲ့ ကုန်တိုက်အသစ် အဓိက တံခါးမကြီးရဲ့ အပြင်ဘက်မှာ ရှိတာပါ။ ကုန်တိုက်ရဲ့ အပြင်ဖက် မြေကြီးက အနည်းငယ် လျောနေပြီး ကုန်တိုက်ဝန်ထမ်းတွေက ဘီရိုငြိမ်အောင် ဘီရိုရဲ့အောက်မှာ အသုံးအဆောင်တချို့ထည့်ထားတယ်လို့လည်း သိရပါတယ်။ ရဲတွေက ဒီအမှုနဲ့ပက်သက်လို့ စုံစမ်းမှုတွေ ပြုလုပ်နေပြီး ဂရုမထားမှုကြောင့် ကလေးသေဆုံးသွားလို့ ကုန်တိုက်ကို  တရားစွဲမယ်လို့လည်း သိရပါတယ်။
6 years Ago
Up