၆ နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် အမျိုးသား သေနတ်ဒဏ်ရာများဖြင့် သေဆုံး

September 5, 2017

၆ နှစ်သမီးကို အဓမ္မပြုကျင့်ခဲ့မှုဖြင့် ဖမ်းဝရမ်းထုတ်ထားသည့် အမျိုးသား သေနတ်ဒဏ်ရာများဖြင့် သေဆုံး

အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ထိုင်းအမျိုးသားတဦးကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ရဲတွေက တွေ့ရှိခဲ့ကြပါတယ်။ အသက် ၅၁ နှစ်အရွယ် ပရာမောင်ချူအာချအမ်းကို ကလေးသူငယ်မုဒိမ်းမှု အပါအဝင် အမှု ၃ ခုနဲ့ ရဲတွေက ဖမ်းဝရမ်းထုတ်ပြန်ထားခဲ့တာဖြစ်ပြီး သူ့ရဲ့အလောင်းကို ဘန်ဆဖမ်နွိုင်ခရိုင်တွင်းမှ အလုပ်သမားတဲတခုအတွင်းမှာ တွေ့ခဲ့ကြတာပါ။ သေဆုံးသူ တရားခံကို သေနတ်နဲ့ပစ်ခဲ့သူဟာ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ရဲ့ဖခင် ဖြစ်နိုင်တယ်လို့ ရဲတွေက ပြောပါတယ်။ ကလေးရဲ့ဖခင်ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် နတ်သဝပ်က တရားခံကို လက်စားချေမယ့်အကြောင်း "မကြာခင်မှာ သူ့အလှည့် ရောက်လာလိမ့်မယ်" လို့ မိသားစုကို ပြောခဲ့ကြောင်း ဆိုပါတယ်။ သေဆုံးခဲ့သူ ပရာမောင်ဟာ အိမ်နီးချင်းတဦးဖြစ်ကာ ကလေးရဲ့ မိထွေးဖြစ်သူနဲ့လည်း သိကျွမ်းတာမို့ ကလေးငယ်ကို ကျောင်းကြိုပို့ လုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူဟာ ကလေးငယ်ရဲ့ ဆရာမကိုလည်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုပြီး တိုင်ကြားခံခဲ့ရတာပါ။ အဓမ္မပြုကျင့်ခံခဲ့ရတဲ့ ကလေးငယ်ကို ဆေးရုံခေါ်ပြီး လိုအပ်တဲ့ စစ်ဆေးချက်တွေနဲ့ စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်နေဆဲအချိန်မှာ ပရာမောင်က ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ကလေးငယ်ရဲ့ဖခင် နတ်သဝပ်က သူ့ရဲ့နောက်ကို ခြေရာခံကာ ခုလိုသတ်ခဲ့တာဖြစ်မယ်လို့ ရဲတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရဲဌာနက လိုအပ်တဲ့ အချက်အလက်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
4 years Ago
Up