၆ ဦးထက်မနည်း သေ

A d v e r t i s e m e n t With Us

June 1, 2020

ဆိုမာလီယာနိုင်ငံတွင် ဗုံးကွဲ၊ လူ ၆ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာနိုင်ငံရဲ့ မြို့တော်မိုဂါဒစ်ရှူးအနား လမ်းဘေးမှာ ထောင်ထားတဲ့ ဗုံးတလုံး ပေါက်ကွဲပြီး မီနီဘတ်စ်တစီးကို ထိမှန်ခဲ့လို့ မေလ ၃၁ ရက်က လူ ၆ ယောက်ထက်မနည်း သေဆုံးတယ်လို့ ရဲတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ကားပေါ်ပါတဲ့ ခရီးသည်တွေဟာ မိသားစုတစုတည်းက ဖြစ်ပြီး အနားကမြို့မှာရှိတဲ့ ဈာပနပွဲကို သွားခဲ့ကြသူတွေပါ။ ဒဏ်ရာရသူတွေ အသည်းအသန် အခြေအနေမှာ ရှိနေလို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်ကြောင်း ရဲအရာရှိတယောက်က ပြောတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။  မိုဂါဒစ်ရှူး မြို့တော် အနောက်မြောက်ဘက် ၁၉ ကီလို မီတာအကွာက ဟာဝါ အဘ်ဒီရွာမှာ ဗုံးခွဲခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီလမ်းကို အစိုးရနဲ့ လုံခြုံရေးဌာနက ကားတွေ မကြာခဏ သုံးလေ့ရှိပါတယ်။  ဘယ်အုပ်စုကမှ ဒီတိုက်ခိုက်မှုအတွက် တာဝန် မခံကြသေးပါဘူး။  ဆိုမာလီနိုင်ငံမှာ ၁၉၉၁ နောက်ပိုင်း အာဏာရှင် စီအတ် ဘာရေကို ဖြုတ်ချအပြီးမှာ လူမျိုးစု တွေ အချင်းချင်း တိုက်ခိုက်နေလို့ ပဋိပက္ခ ထူပြောပါတယ်။ ၂၀၀၈ မှာတော့ ဆိုမာလီ ဗဟိုအစိုးရကို ဖြုတ်ချဖို့ အယ်လ်ရှာဘတ် အစ္စလာမစ် စစ်သွေးကြွ အုပ်စုက တိုက်ခိုက်လာပြီး ရှရီယာ ဥပဒေနဲ့ အုပ်ချုပ်ဖို့ နယ်မြေ တည်ဆောက်လာခဲ့ကြပါတယ်။    
9 months Ago

April 24, 2020

အမေရိကန် ပြည်နယ် ၂ ခုတွင်  မုန်တိုင်းနှင့် လေဆင်နှာမောင်းတိုက်ခတ်ပြီး  ၆ ဦးထက်မနည်း သေဆုံး

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားနဲ့ တက္ကဆက်ပြည်နယ်တွေမှာ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ လေဆင်နှာမောင်း တစ်ခု  ဝင်ခဲ့တာကြောင့်  လူ ၆ ယောက်ထက်မနည်း သေဆုံးပြီး  ဒါဇင်နဲ့ချီ  ဒဏ်ရာရတယ်လို့တာဝန်ရှိသူတွေက ဧပြီ ၂၃ ရက်မှာ ပြောပါတယ်။   ဧပြီ ၂၂ ရက်က တက္ကဆက်ပြည်နယ် အွန်နာလက်စကာမြို့မှာ  လေဆင်နှာမောင်းဝင်ခဲ့တာမို့  ၃ ယောက် သေဆုံးပြီး  အယောက် ၂၀ ထက်မနည်း ဒဏ်ရာရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောကြားပါတယ်။   အိုကလာဟိုးမားပြည်နယ် တောင်ပိုင်းမှာ ၂ ယောက် သေဆုံးသလို လူဝီစီယားနားပြည်နယ် မုန်တိုင်းအတွင်း  အမျိုးသမီး တစ်ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ မီဒီယာက ဖော်ပြပါတယ်။   မုန်တိုင်းတွေ တိုက်ခတ်တာကြောင့် နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ လျှပ်စစ်မီး မရဖြစ်ခဲ့ပါတယ်။  အိုကလာဟိုးမားပြည်နယ်က လူ ၇၀၀၀ ကျော်နဲ့ အွန်နယ်လက်စ်ကာမြို့က လူ ၉၀၀၀ လောက် လျှပ်စစ်မီး ပြတ်တောက်မှု ကြုံတွေ့ခဲ့ပါတယ်။   ဒီလအစောပိုင်းတုန်းကလည်း တောင်ပိုင်း လူဝီစီယားနားနဲ့ မစ္စစ္စပီပြည်နယ်တွေမှာ  အားပြင်းတဲ့ မုန်တိုင်းတွေ ဝင်ရောက်ပြီး လူ ၆ ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။   မုန်တိုင်းကြောင့်  လေဆင်နှာမောင်း တစ်ဒါဇင်ကျော် တိုက်ခဲ့ပြီး အပျက်အစီးအများအပြား ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။ 
11 months Ago
Up