ကိုလံဘီယာနိုင်ငံ ချိုကိုအုပ်ချုပ်ရေးဒေသ ယိုရိုမြို့မှာ ၆ ရက်ဆက်တိုက် မိုးကြီးခဲ့တာကြောင့် သြဂုတ် ၂၂ ရက်နေ့က တမြို့လုံး ရေနစ်မြုပ်ခဲ့ရပါတယ်။
ဒေသတွင်း အိမ်ခြေ ၃ ထောင်ဝန်းကျင် ရေနစ်မြုပ်ခဲ့ပြီး အိမ်ထောင်စု ၈၀၀ လောက် အိုးအိမ်စွန့်ခွါခဲ့ရသလို အိမ်ခြေ ၁ ထောင်ကျော် ပျက်စီးခဲ့ပါတယ်။
ရေနစ်မြုပ်ရာဒေသမှာ ကိုလံဘီယာ တပ်ဖွဲ့ဝင်တွေ ကယ်ဆယ်ရေး လုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။
မြို့တော်ဝန်က "ကယ်ဆယ်ရေး နောက်ကျခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခြေအနေက ဆိုးပါတယ်။ တော်တော်များများ ဆုံးရှုံးခဲ့ရတယ်။ ကျေန်ာတို့ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်တွေတင် လိုအပ်တာမဟုတ်ပါဘူး။ အစိုးရအနေနဲ့ မြန်မြန်ဆန်ဆန်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဒီလို ကပ်ဘေးတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ယိုရို ဒေသခံတဦးက "ဒီလထဲမှာ နှစ်ခါ ရေကြီးတယ်။ တကြိမ်နဲ့တကြိမ် ၄ ရက်ပဲ ခြားတယ်။ ကျနော်တို့ကိုကူညီဖို့ ဗဟိုအစိုးရနဲ့ ဒေသန္တရအစိုးရကို တောင်းဆိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်သီတင်းပတ်အတွင်း မိုးရွာသွန်းမှု ပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် ရေကတော့ ကျဆင်းဖွယ်မရှိသေးဘူးလို့ သိရပါတယ်။
5 years Ago