၆ မိုင် စစ်ဆေးရေးဂိတ်

October 14, 2021

မွန်ပြည်နယ်လွှတ်တော်နှင့် မော်လမြိုင် ၆ မိုင် စစ်ဆေးရေးဂိတ်အနီး ဗုံးပေါက်

မွန်ပြည်နယ်လွှတ်တော်အနီးနဲ့ မော်လမြိုင်မြို့အဝင် ၆ မိုင် စစ်ဆေးရေးဂိတ်မှာ  အောက်တိုဘာ ၁၃ ရက် မနေ့ ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့  ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

မွန်ပြည်နယ်လွှတ်တော်အနီး ညောင်လေးပင်မှာ မနေ့ည  ည ၈ နာရီခွဲလောက်က  ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ၊ ဗုံးပေါက်ကွဲကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ 

မော်လမြိုင် ၆ မိုင် စစ်ဆေးရေးဂိတ်မှာလည်း မနေ့ ည ၆ နာရီလောက်က  ဗုံးပေါက်ကွဲခဲ့ပြီး  ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

မော်လမြိုင် ၆ မိုင် စစ်ဆေးရေးဂိတ်ဟာ မြို့အတွင်း ဝင်ရောက် လာသူတွေကို အဓိက စစ်ဆေးနေတဲ့ ဂိတ်ဖြစ်ပြီး ပြည်သူတွေကို မောက်မာစွာ ဆက်ဆံနေတဲ့ စစ်ဆေးရေးဂိတ် တစ်ခုဖြစ်ပါတယ်။

အဲဒီစစ်ဆေးရေးဂိတ် ဗုံးဖောက်ခွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်းရေးတပ်ဦး၊ မော်လမြိုင်ပြည်သူကာကွယ်ရေးအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

မွန်ပြည်နယ် လွှတ်တော်အနီးဗုံးပေါက်ကွဲမှုကတော့  သူတို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာဗုံးပေါက်ကွဲမှုတွေဖြစ်ပြီးနောက် မော်လမြိုင်မြို့ပေါ် ရပ်ကွက်တွေမှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်သလို ဒီကနေ့ အောက်တိုဘာ ၁၄ ရက်နေ့မှာတော့ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေ ပြောပါတယ်။

22 hours Ago
Up