၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ခပ်စိပ်စိပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

July 10, 2015

တပ်မတော်နဲ့ အစိုးရမှာ နိုင်ငံရေးရည်မှန်းချက် မရှိဘူး - ဒေါက်တာအေးမောင်

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) မှာ အကျုံးဝင်တဲ့ ပြင်ဆင်တဲ့ မူကြမ်းကို ဇူလိုင် ၈ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ရွေးချယ်ခန့်အပ်ရေး (ပုဒ်မ ၂၆၁)၊ သမ္မတနဲ့ ဒု-သမ္မတတွေကို လွှတ်တော်ကိုယ်စားလှယ်ထဲကနေ ရွေးချယ်ဖို့ စတဲ့ ပြင်ဆင်ရေးမူကြမ်းတွေ ရှုံးနိမ့်ခဲ့တာပါ။ ပြီးခဲ့တဲ့အပတ်က ပုဒ်မ ၄၃၆ (က) ဆွေးနွေးဆုံးဖြတ်စဉ်ကလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတကပဲ ခန့်မယ့်အစား သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ကိုယ်စားလှယ်တွေကပဲ ခန့်အပ်မယ့်ပြင်ဆင်ချက် လွှတ်တော်မှာ မဲခွဲတာရှုံးသွားတာက ဘာကြောင့်ပါလဲခင်ဗျ။ “၁ အချက်က လွှတ်တော်တွင်းမှာ ရွေးကောက်ခံအမတ်က ၇၅ ရာခိုင်နှုန်းမပြည့်ဘူး။ ခန့်အပ်တဲ့အမတ်က ၂၅ ရာခိုင်နှုန်း ကျော်နေတာပေါ့။ အဲဒီတော့ တပ်မတော်ကလည်းပဲ အဲဒီပုဒ်မ ၂၆၁ ကို မပြောင်းစေချင်တဲ့သဘော ရှိတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အရကိုက သူတို့မပေးရင် မရဘူး၊ မပြောင်းရင် မဖြစ်ဘူးဆိုတဲ့သဘော ဖြစ်တဲ့အခါကျတော့ အဓိက ကတော့ ၁၆၆ ဦးက မပြောင်းလိုတာကြောင့်ပေါ့။” ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process) လုပ်ဆောင်နေတာတွေကလည်း လွှတ်တော်က ဘယ်လောက်ထိအောင် လိုက်လျောမလဲလို့ စောင့်ကြည့်တာတွေ ရှိတယ်ဆိုတော့ ဒီလိုမျိုး လွှတ်တော်ဆုံးဖြတ်ချက်ဟာ အပြင်မှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပေါ်မှာ သက်ရောက်မှု တစုံတရာ ရှိနိုင်လားဆရာ။ “ရှိနိုင်တယ်။ ဘာကြောင့်ဆို ခင်ဗျားတို့ သိပါတယ်။ လွှတ်တော်အစိုးရဆိုတာ Ruling Party ပဲ။ လွှတ်တော်မှာလည်း သူတို့ပဲ။ အစိုးရမှာလည်း သူတို့ပဲ။ ဒါပေမယ့် အစိုးရလုပ်တဲ့ လုပ်ငန်းတိုင်းကို လွှတ်တော်ကို အသိပေးချင်မှပေးမယ်။ အဲဒီတော့ လွှတ်တော်မှာလည်းပဲ အဆုံးအဖြတ်ပေးနိုင်မယ့် အင်အားစုက အစိုးရရဲ့အောက်မှာရှိတယ်။ ကျနော်ဆိုလိုတာက ၁၆၆ ဦးသော တပ်မတော်သားတွေဟာ အစိုးရရဲ့ ကွပ်ကဲမှုအောက်မှာရှိတယ်။ အဲဒီတော့ အန်စီအေပေါ့နော် အခု ငြိမ်းချမ်းရေးဆွေးနွေးနေတာ အားလုံးကလည်းပဲ အစိုးရဘက် တာဦးတာပေါ့။ ဒီဘက်က ဦးသိန်းဇော်က နောက်လိုက်ကျ ဖြစ်သွားတာပေါ့။ အဲဒီတော့ ပြည်တွင်းငြိမ်းချမ်းမှုဆိုတဲ့ဥစ္စာကို ကျနော်တို့ သုံးသပ်တာက နိုင်ငံရေးရည်မှန်းချက်တခုအတွက် အသုံးပြုတာ။ တနည်းအားဖြင့် ဒီအစိုးရရဲ့ နောက် ၂၀၁၆ - ၂၀၂၀ နိုင်ငံရေးသက်တမ်းတခုအတွက် ပြည်တွင်းငြိမ်းချမ်းမှုကို အသုံးချနေတယ်လို့ပဲ ကျနော်မြင်တယ်။ အဲဒါကြောင့်လည်း အခုထိ ဘာမှ အဖြေမရ၊ အဖြေမရတဲ့အပြင် ၂၆၁ တို့ဘာတို့ တိုင်းရင်းသားများ စိတ်ဝင်စားတဲ့ ပုဒ်မတွေကို အစိုးရဘက်က အများစုဖြစ်တဲ့ တပ်မတော်သားတွေပေါ်မှာ၊ ကျနော်ထင်တယ်ဗျ မပြင်လိုတဲ့ သဘောနဲ့ပဲ ညွှန်ကြားတာရှိနိုင်တယ်။ အဲဒါကြောင့် နဂိုအတိုင်းထားမယ်ဆိုတဲ့ သဘောနဲ့ ဆွေးနွေးကြတာပါ။ အဲဒီတော့ လွှတ်တော်တွင်းက ကဏ္ဍနဲ့ အစိုးရရဲ့ ကဏ္ဍတွေဟာ တလမ်းစီဖြစ်နေတာပေါ့။” ခြောက်ပွင့်ဆိုင်ဆွေးနွေးတုန်းက လွှတ်တော်ကိုယ်စားပြု တိုင်းရင်းသားအစုအဖွဲ့ကိုယ်စား  ဒေါက်တာအေးမောင်က ‘ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့တွေမှာ သမ္မတက ၀န်ကြီးချုပ် ရွေးချယ်နေတာကိုရပ်ပြီး သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ်တင်မြှောက်ခွင့်ရရေး’ ကို အဓိကထား ကိုင်စွဲဆွေးနွေးခဲ့တယ်မဟုတ်လား။ “ဟုတ်တယ်။ အဲဒီဟာ တခုတည်းမဟုတ်ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ သယံဇာတခွဲဝေခွင့်၊ နောက် အခွန်အတုတ်ခွဲဝေခွင့်ကို ကာကွယ်ရေးဦးစီးချုပ်ဘက်က ပြောတယ်ဗျ။ ပြောတဲ့အခါမှာ ကျနော်တို့ဘက်ကလည်းပဲ ၂၆၁ နဲ့ပတ်သက်လို့ သေသေချာချာလည်း ရှင်းပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပေးချင်ရင် ကိုယ်တို့ပြည်နယ်၊ ကိုယ်တို့တိုင်းဒေသကြီး ပါလီမန်ကနေ များရာစု ရွေးကောက်တင်မြှောက်တဲ့ ပုဂ္ဂိုလ်ကို အုပ်ချုပ်ခွင့်ပေးဖို့လိုမယ်။ အဲဒါမျိုးပေးတဲ့အပြင် ပြည်တွင်းစစ်၊ ပြည်တွင်းပဋိပက္ခကို ငြိမ်းချမ်းစေချင်သလား၊ တပ်မတော်ရဲ့ သဘောထားကြီးမှုကိုပြပါ။ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေ ပါဝင်မှုကို ပြည်ထောင်စုမှာထားဦး။ တိုင်းဒေသကြီး၊ ပြည်နယ်ပါလီမန်ကနေစပြီး ရုပ်သိမ်းပေးပါ။ သဘောထားကြီးမှုနဲ့ ဥပဒေပြုမှု မဏ္ဍိုင်ကစပြီးတော့ တပ်မတော်ဘက်က ပြန်လျှော့တယ်ဆိုတာလေးကိုပြပြီးမှ ပြည်တွင်းငြိမ်းချမ်းမှုကို ရယူပါ၊ သဘောထားကြီးပါလို့ ကျနော်တို့ တင်ပြတယ်။ နောက်တပတ်ကျော်တဲ့အခါ ဦးရွှေမန်းက ပြန်ပြောတာကျ ဒုတိယတကြိမ်မှာ ပုဒ်မ ၂၆၁ ကို မပြင်ဘဲနဲ့ ခုန ကာကွယ်ရေးဦးစီးချုပ်ပြောတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ မဖြစ်ဘူး၊ အဲဒါကြောင့် ၂၆၁ ကို ပြင်မှဖြစ်မယ်ဆိုတာ ဦးရွှေမန်း သေသေချာချာရှင်းပြတယ် ခြောက်ပွင့်ဆိုင်မှာ။” (မှတ်ချက်။    ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် တဦးစီကို သမ္မတက ရွေးချယ်၊ အဲဒီပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေထံ အမည်စာရင်းပေးပို့   အတည်ပြုချက် တောင်းခံပြီး ၀န်ကြီးချုပ်တွေ ခန့်အပ်တာဖြစ်ပါတယ်။ အမည်စာရင်းပေးပို့သူမှာ သတ်မှတ်အရည်အချင်းပြည့်မီရင် လွှတ်တော်တွေအနေနဲ့ ငြင်းပယ်ခွင့်မရှိစေရဘူးလို့ ပါရှိပါတယ်။) ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့တွေရဲ့ ၀န်ကြီးချုပ်တွေကို သမ္မတက မခန့်ဘဲ အမတ်တွေက ရွေးချယ်ခန့်ထားရေးဟာ  တိုင်းရင်းသားအင်အားစုအသီးသီးအတွက် ဘယ်လောက်ထိအောင် သူတို့အတွက် အရေးကြီးသလဲ။ ပိုမိုသိအောင် ရှင်းပြပါ။ “ခင်ဗျား ဒါဆိုရင် ပင်လုံက စရမှာပေါ့။ ပင်လုံမတိုင်ခင် မျိုးနွယ်စုကြီးတွေဟာ သီးသန့်ဗျ ပွင့်ပွင့်လင်းလင်းပြောရင်။ ရခိုင်ကတော့ ဗမာဘုရင်ရဲ့ကျွန်ဖြစ်တာကိုးဗျနော်။ အုပ်ချုပ်အသိမ်းသွင်းခံခဲ့ကြရတာကိုး နှစ် ၄၀ လောက်လေ။ မွန်လည်း ဒီအတိုင်းဖြစ်မှာပေါ့။ ဒါပေမယ့် ရှမ်းတို့၊ ချင်းတို့ ကျန်တဲ့ ကယားတို့ဟာ သီးသန့် အချုပ်အခြာအာဏာနဲ့ရှိကြတယ်ဗျ။ ဗမာဘုရင်မသိမ်းခင် ရခိုင်လည်း ကိုယ့်အချုပ်အခြာနဲ့ရှိတာကိုး။ အဲဒီတော့ အင်္ဂလိပ်သိမ်းတဲ့အခါ အင်္ဂလိပ်က သူတို့ရဲ့အချုပ်အခြာအလိုက်ကို သိမ်းသွားတဲ့ ကိုလိုနီဖြစ်သွားတာပေါ့နော်။ အဲဒီတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးယူတဲ့အခါမှာ မိမိတို့ရဲ့ အချုပ်အခြာအာဏာအရ လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ်သို့ တည်ရှိနေချင်ကြတာပေါ့နော်။ "ဒါပေမယ့်လို့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စည်းရုံးမှုကြောင့် ပင်လုံစာချုပ်ကို ချုပ်တဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြော ရင် ပြည်ထောင်တွေ ပေါင်းထားတာဗျ။ အချုပ်အခြာအာဏာတွေ ရှိကြတဲ့ ပြည်ထောင်တွေ ပေါင်းပြီးမှ စုပြီးမှ ပြည်ထောင်စုမယ်ဆိုတဲ့သဘောနဲ့ ဆောင်ရွက်တဲ့ ခုနက ၄၇ ပင်လုံစာချုပ်ကြီးကို မျက်ကွယ်ပြုခဲ့ကြတာပေါ့။ အဲဒီနောက် ၄၇ ဖွဲ့စည်းပုံတို့ ဘာတို့မှာ နည်းနည်းလေး အခန်း ၁၀ မှာ Decision ပါလာတာပဲလေ။ အဲဒီတော့ ပြန်ကြည့်ရင် ကျနော်တို့တိုင်းရင်းသားတွေရဲ့ အန္တိမရည်မှန်းချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြဋ္ဌာန်းခွင့်ဗျ၊ လွတ်လပ်ခွင့်မဟုတ်ဘူးနော်။ သီးသန့် ကိုယ်တို့ အချုပ်အခြာအာဏာ အဖြစ် ဘော်လကန်ဒေသတိုင်းပြည်တွေလို ဖြစ်စေချင်ကြတာမဟုတ်ဘူး။ ပြည်ထောင်စုကြီးထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အုပ်ချုပ်ခွင့်နဲ့ တန်းတူညီမျှမှု အခွင့်အရေးရရင်ပြီးပြီ၊ ကျနော်တို့ ဥမကွဲသိုက်မပျက်သွားမယ်ဆိုတဲ့ရည်မှန်းချက်နဲ့ ကျနော်တို့ တောင်းနေကြတာကိုး၊ တိုက်နေကြတာကိုး။ ဒီသဘောထားအခြေခံရှိရင် ပုဒ်မ ၂၆၁ ကို ပြင်လိုမှုဆိုတဲ့ နိုင်ငံရေးရည်မှန်းချက် ကြီးကြီးမားမား တပ်မတော်မှာလည်းရှိရမယ်၊ နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတမှာလည်း ရှိရမယ်။ လွှတ်တော်တခုတည်းက ဒီသဘောထားရှိနေလို့ မရဘူး။ "ကျနော် သိသလောက် လွှတ်တော်တွင်းမှာ နိုင်ငံရေးရည်မှန်းချက်ရှိကြတယ်ဗျ။ နိုင်ငံရေးလို့ပြောကြတယ်၊ တပ်မတော်ဘက်ကလာတဲ့ ၁၆၆ ဦး၊ အစိုးရတို့ဘက်ကပြန်ကြည့်ရင် နိုင်ငံရေးရည်မှန်းချက်ကို ပါးစပ်ကပဲပြောတာ။ လက်တွေ့မှာ နိုင်ငံရေးရည်မှန်းချက်မရှိဘူး။ အဲဒါကြောင့် ၂၆၁ ကိုလည်း မပြင်ခဲ့စေချင်ဘူး။ ကျန်တဲ့ ခင်ဗျား ဇယား (၂) ကို ပြောင်းတဲ့အခါမှာလည်း အင်မတန်ကိုမှ အစွယ်အပွားလေးတွေပေါ့ဗျာ၊ သစ်ပင်တပင်ကို ချိုင်သလိုပေါ့ အကိုင်းအခက်လေးတွေကို အလှဆင်သလောက်ပဲရှိတယ်။ ကိုင်းဖျားကိုင်းနားလောက်ပဲရှိပါတယ်။ အဲဒီတော့ မထိရောက်ဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တို့ကတော့ ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှုကိုလိုချင်ရင် အခုကတည်းစပြီးတော့ နှစ်ပေါင်း ၆၀၊ ၇၀ ရှိနေပြီ သဘောထားကြီးမှုကို ပြပါ။ ဟုတ်လား၊ ကျနော်တို့အားလုံး ညီညီညွတ်ညွတ်နဲ့ ပြည်တွင်းစစ်ကြီးငြိမ်းချမ်းအောင် ညှိနှိုင်းဆောင်ရွက်စေချင်တယ်။” အခုဇူလိုင်လဟာ ၄၃၆ ပြင်ဆင်ရေးတွေ ကျဆုံးတဲ့လလို့ ပြောနိုင်တယ်။ လွှတ်တော်မှာ တပ်မတော်သားတွေရဲ့မဲရအောင် ဆရာ့အပြောအရ တပ်မတော်ကို အစိုးရပိုင်တယ်ဆိုရင်လည်း သူတို့တွေထံကနေ ဆရာတို့လိုလားချက်တွေအတွက် ထောက်ခံမှုရအောင် ဘယ်လိုကြိုးစားကြမလဲ။ “ဟုတ်ပြီ။ ကျနော်တို့က ပြောပါတယ်။ တပ်မတော်သား ဗိုလ်ချုပ်တွေကိုလည်း ပြောတာပဲ။ ၂၆၁ ကို ဟုတ်လား၊ ၂၆၁ ဆိုတာ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်ကို မိမိပြည်နယ်ပါလီမန်ကနေ ရွေးနိုင်အောင် ကျနော်တို့က ပြင်တယ်။ ဟုတ်ပြီနော်၊ တပ်မတော်သားတွေက မပြင်ဘူး နဂိုအတိုင်းပဲ ထားတယ်။ ဟုတ်ပြီ၊ လက်ရှိသမ္မတနဲ့ လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှမ်းမိုးမှုရှိတယ်၊ ဒါ ကျနော်တို့ လက်ခံတယ်။ ဒါပေမယ့် ၂၀၁၅ အလွန်မှာဖြစ်လာမယ့် အစိုးရဟာ လက်ရှိအစိုးရ ဟုတ်ချင်မှ ဟုတ်တော့မယ်။ လက်ရှိကာကွယ်ရေးဦးစီးချုပ်လည်း ဟုတ်ချင်မှ ဟုတ်တော့မယ်။ ဟုတ်ပြီနော်၊ အဲဒီအခင်းအကျင်းမျိုးကို တွေးကြည့်လို့ရှိရင် ၂၆၁ ကို မပြင်ဘဲနဲ့ နဂိုအတိုင်းပဲ ထားတယ်ဆိုပါတော့။ ၂၀၁၆ မှာ ဖြစ်လာမယ့် နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုမှု အင်မတန်ကို ကြီးမားမယ်၊ ပြည်သူဘက်က ရပ်တည်မယ်၊ တကယ့်ကိုပြုပြင်ပြောင်းလဲရေး ၀ါဒီတဦးဖြစ်တယ်ဆိုရင် ၂၆၁ ကို မပြောင်းရင်လည်းပဲ ခန့်လို့ရတာပေါ့ဗျ။ သက်ဆိုင်ရာပြည်နယ်ပါလီမန်က အများစုမဲရတဲ့ ပုဂ္ဂိုလ်ကို သမ္မတကြီးက အတည်ပြုပေးလိုက်ရင် ပြီးပြီလေ။ လက်ရှိသမ္မတဟာ ၂၀၁၆ မှာ သမ္မတဖြစ်ချင်မှ ဖြစ်တော့မှာပေါ့။ အဲဒီတော့ ၂၀၁၆ ရဲ့ သမ္မတပေါ် မူတည်ပြီးမှ ၂၆၁ ရှိခြင်း၊ မရှိခြင်းဟာ ပြည်နယ်သူပြည်နယ်သားတွေအတွက် ဘာမှ မပတ်သက်တော့ဘူး။ ၂၆၁ ကိုမပြင်လည်း ဒီအခွင့်အရေးကို ရမှာပဲ။ ဒါဟာ သမ္မတကြီးရဲ့သဘောထားနဲ့ဆိုင်သွားပြီ။ ဟုတ်ပြီနော်၊ အဲဒီတော့ အခုကတည်းက နိုင်ငံရေးအမြင်ရှိရှိနဲ့ ပြောင်းပေးလိုက်ပါ။ ၂၆၁ ကို ပြောင်းပေးခြင်းအားဖြင့် တပ်မတော်ဟာ ဒီမိုကရေစီရဲ့ ရှေ့ဦးကို ရောက်သွားတာပေါ့ဗျာ။ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေးကို အတွင်းကျကျ လေ့လာပြီးမှ ဗျူဟာမြောက်ချဉ်းကပ်မှုလို့ သုံးသပ်လို့ရတာပေါ့။ ဒါပေမယ့် အခုကတော့ လွန်သွားပြီ။ “အဲဒါကြောင့် လာမယ့် ၂၀၁၆ မှာ ဖြစ်လာမယ့်အစိုးရနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဟာ နိုင်ငံသူ နိုင်ငံသားများရဲ့ နိုင်ငံရေးနိုးကြားတက်ကြွမှုနဲ့ သိပ်ဆိုင်တယ်။ ဆိုပါတော့ လက်ရှိပါလီမန်အခင်းအကျင်းမှာ ဘာကြောင့် ၄၃၆ ပင်တိုင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်လို့မရဘူးလဲ။ အကြောင်းရင်းကို သိလို့ရှိရင် ပါလီမန်မှာ ပြည်သူ့ကိုယ်စားလှယ်အစစ်အမှန်တွေ မလွှမ်းမိုးလို့ပေါ့ဗျာ။ ၇၅ ရာခိုင်နှုန်းသောပုဂ္ဂိုလ်တွေဟာ တကယ့်တကယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲလိုတဲ့ ပုဂ္ဂိုလ်တွေအဖြစ် လူထုက ရွေးကောက်တင်မြှောက်ပေးလိုက်ပြီဆိုရင် ၁ အချက်က ၇၅ ရာခိုင်နှုန်း သေချာပြီးပြီ။ အဲဒီ ၇၅ ရာခိုင်နှုန်းထဲက ဒီမိုကရေစီဘက်တော်သား၊ ပြုပြင်ပြောင်းလဲရေးဝါဒီအစစ်အမှန်ကြီး၊ တပ်မတော်ကို သြဇာလွှမ်းမိုးနိုင်သော၊ တပ်မတော်ရဲ့ ၁၆၆ မဲသော ပုဂ္ဂိုလ်များကို ပြည်သူ့ဘက်တော်သားအဖြစ်ပြောင်းလဲနိုင်သောစွမ်းအင်ရှိတဲ့ ပုဂ္ဂိုလ်ကြီးတယောက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဘက်က တင်မြှောက်နိုင်တဲ့ ဒုတိယသမ္မတမှာ ပါလာမယ်ဆိုရင်၊ ဒုတိယသမ္မတ ၃ ဦးထဲက အဲဒီပုဂ္ဂိုလ်ဟာ သမ္မတဖြစ်သွားမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ကို တာဝန်ပေးနိုင်တဲ့ပုဂ္ဂိုလ်၊ တာဝန်ခန့်နိုင်တဲ့ပုဂ္ဂိုလ်၊ ဖြုတ်နိုင်တဲ့ပုဂ္ဂိုလ် စသဖြင့် သမ္မတမှာရှိတဲ့တာဝန်ကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အင်အားကြီးစွာယူနိုင်တဲ့ပုဂ္ဂိုလ်ဆိုရင် ၂၀၁၆ ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ပြုပြင်ပြောင်းလဲနိုင်ခြေရှိတဲ့ ပထမခြေလှမ်းဖြစ်သွားမှာပေါ့။ ” “အဲဒီတော့ ကျနော်တို့ကပြောပါတယ် ၂၀၁၆-၂၀၂၀ ကာလဟာ သိပ်အရေးကြီးတယ်။ အဲဒီကာလလေးမှာ ကျနော်တို့ ဟိုး ခေတ်ဦးပိုင်းကဆို တော်တော်ပြောတယ်ဗျ၊ ၂ နှစ်ခွဲကျစီ ညှိနှိုင်းပြီးယူကြ။ ကနဦး ၂ နှစ်ခွဲကို ကြီးမားတဲ့ ဆည်ကြီးကိုဖောက်နိုင်အောင် အငြိမ်းစားပုဂ္ဂိုလ်ကြီးတယောက်ယောက်ကို ရွေးချယ်ပေး။ ကျန်တဲ့ ၂ နှစ်ခွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပြီးမှ သင့်လျော်တဲ့ ဒီမိုကရေစီခေါင်းဆောင်တဦးကို တင်မြှောက်၊ အဲသလိုနဲ့ လာမယ့် ၅ နှစ်ကာလမှာ ရှေ့က ၂ နှစ်ခွဲ သို့မဟုတ် ၂ နှစ်ပေါ့ဗျာ နောက်က ၃ နှစ်ပေါ့၊ ရှေ့က ၃ နှစ်ဆို နောက်က ၂ နှစ်ပေါ့ဗျာ ညီညီမျှမျှလေးနဲ့ ညှိနှိုင်းမှုတခုနဲ့သာ လာမယ့်ကာလလေးကို ညီညီညွတ်ညွတ်နဲ့ ပါတီကြီးတွေ၊ တိုင်းရင်းသားပါတီတွေအပါအ၀င် စုပေါင်း ဦးဆောင်နိုင်မယ်ဆိုရင် နှစ်ဦးပိုင်းလောက်မှာ ၂၀၁၆ ကနေ ၂ နှစ်လောက်အတွင်းမှာ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုကြိုက်အောင် ပြောင်းနိုင်မယ်။ အဲဒီကာလနောက်ပိုင်းမှာ လူထုကြိုက်တဲ့ခေါင်းဆောင်တွေ နိုင်ငံတော်အကြီးအကဲအပါအ၀င် အစိုးရအဖွဲ့အစည်းတွေမှာ မြင်ရတွေ့ရနိုင်တဲ့အခြေအနေ ဖြစ်လာမှာပေါ့။ အဲဒီနည်းဟာ ညင်သာပျော့ပြောင်းပြီးမှ သွေးမြေကျမှု ကင်းပါတယ်။ ကျနော်တို့ ပြောဆိုနေကြတဲ့ ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ်မှုနဲ့ သက်ဆိုင်ပါတယ်။”
7 years Ago

June 19, 2015

၂၀၁၅ ရွေးကောက်ပွဲ နိုင်ငံရဲ့ ရေရှည်အနာဂတ်ကို ဆုံးဖြတ်ပေးမယ် - ဒေါ်အောင်ဆန်းစုကြည်

၂၀၁၅ ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ဆောင်ရွက်ချက်တွေနဲ့ မှန်ကန်တဲ့ ရလဒ်ပေါ်ထွက်ရေးဟာ မြန်မာနိုင်ငံရဲ့ ရေရှည်အနာဂတ်ခရီးလမ်းအတွက် အင်မတန်အရေးကြီးတယ်လို့ အဓိကအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ အသက် ၇၀ ပြည့် မွေးနေ့အမှတ်တရ လူထုကို ရုပ်သံမိန့်ခွန်း ပြောကြားခဲ့တာဖြစ်ပြီး လွတ်လပ်ရေးရပြီး ၆၈ နှစ်အကြာမှာ မြန်မာနိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘယ်အခြေ အနေကို ဆက်သွားမလဲဆိုတာကို  ပြည်သူလူထုရဲ့ လုပ်ရပ်တွေက ဆုံးဖြတ်ပေးမယ်လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က “ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ၊ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ  ဘယ်လိုဖြစ်မလဲ၊ ရွေးကောက်ပွဲကျင်းပပေးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို့အခြေအနေမှာ ရှိမှာလဲဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ်အတွက်မဟုတ်ဘူး၊ နောက် နှစ်ပေါင်းများစွာအတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မီးရှူးတန်ဆောင်အဖြစ် နှစ်ပေါင်းများစွာကတည်းက အနောက်နိုင်ငံတွေက   အသိအမှတ်ပြုနေရာပေးခံရသူ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ သီတင်းပတ်ကတော့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကို ငါးရက်ကြာခရီးစဉ်သွားရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်တွေနဲ့ရော တရုတ်သမ္မတတို့နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖေ့စ်ဘွတ်မှာမွေးနေ့အမှတ်တရစကားကို တရားဝင် ဗွီဒီယိုဖိုင်နဲ့ ဖော်ပြထားပါတယ်။ အပြည့်အစုံကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ “ကျမအပေါ် စေတနာမေတ္တာထားကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် စပါရစေ။ အသက် ၇၀ ဆိုတော့ ဒီလောကကြီးမှာ အနှစ် ၇၀ နီးပါး နေခဲ့ရပြီပေါ့။ အဲဒီတော့ ဒီအနှစ် ၇၀ အတွင်းမှာ စေတနာ မေတ္တာရဲ့တန်ဖိုးကို ကောင်းကောင်းကြီး သိခဲ့ရပါတယ်။ ကျမတို့ နိုင်ငံရေး လုပ်ခဲ့ရတယ်ဆိုတာကလည်း သိပ်လွယ်လွယ်နဲ့ လုပ်ခဲ့ရတာမဟုတ်ပါဘူး။ ဒါကြောင့်မို့လိုလည်း ပြည်သူတွေရဲ့ မေတ္တာ၊ ကျမတို့ကို ထောက်ခံသူများရဲ့ စေတနာဟာ ကျမတို့ရဲ့ အင်အားဖြစ်ခဲ့တယ်ဆိုတာကို ငြင်းလို့ မရပါဘူး။ ဒါကြောင့်မို့လို့ ကျမတို့ အခု ဆက်ပြီးတော့ ဒီနိုင်ငံ ဘယ်သွားမလဲလို့ ကြည့်တဲ့အခါမှာ ကျမတို့ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်။ သန့်ရှင်းတဲ့ နိုင်ငံရေးဆိုတာ ရိုးရိုးလေး ပြောတာပါ။ နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ။ နိုင်ငံရေးဆိုတာ လူတွေနဲ့ လုပ်နေရတဲ့အလုပ်ဆိုတော့ ခြောက်ပြစ်ကင်း သဲလင်းစင်လို့ ပြောလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် သန့်ရှင်းတဲ့နိုင်ငံရေးဆိုတာ နံပါတ် ၁ ကတော့ ပြည်သူလူထုကို မလှည့်ဖြားတဲ့ နိုင်ငံရေးမျိုး။ နံပါတ် ၂ ကတော့ ကိုယ့်ရဲ့ အဖွဲ့အစည်း ကိုယ့်ရဲ့ လုပ်ငန်းတွေ အောင်မြင်ဖို့ လုပ်တဲ့အခါမှာ တခြားလူတွေကို ထိခိုက်နစ်နာအောင်လို့ မကောင်းတဲ့နည်းတွေ၊ မမှန်ကန်တဲ့နည်းတွေ၊ မတရားတဲ့နည်းတွေနဲ့ လုပ်တာကို ရှောင်ကြဉ်ဖို့ပဲ။ အဲဒီလိုလုပ်မှ ကျမတို့ သန့်ရှင်းတဲ့နိုင်ငံရေး ရှိနိုင်မှာပါ။ ဒီလိုသန့်ရှင်းတဲ့ နိုင်ငံရေးရှိမှ ကျမတို့နိုင်ငံဟာ ရှေ့မှာ ဆက်ပြီးတော့ အေးအေးဆေးဆေး၊ ငြိမ်ငြိမ်သက်သက်နဲ့ တိုးတက်နိုင်မှာဖြစ်ပါတယ်။ “ဒီတော့ မွေးနေ့အတွက် ပြောတဲ့စကားတွေဟာ နိုင်ငံရေးစကားတွေချည်းပဲလားလို့ တချို့က မေးပါတယ်။ အဲဒါကတော့ ရှောင်လို့ မရပါဘူး။ ကျမ ဒီလို မွေးနေ့အတွက် ပြောရတဲ့အခြေအနေရောက်လာတာလည်း နိုင်ငံရေးကြောင့် ရောက်လာတာပါ။ ဒါကြောင့် နိုင်ငံရေးစကားပဲပြောရမှာပါပဲ။ “ဒီနိုင်ငံဟာ အခုနှစ်ဆိုလို့ရှိရင် ကျမရဲ့ ၇၀ မြောက်မွေးနေ့မို့လို့ ဖြစ်လို့ မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲများ ကျင်းပမယ့်နှစ်မို့လို့ အင်မတန်မှ အရေးကြီးတဲ့အချိန်ကို ရောက်နေပါတယ်။ ဒီရွေးကောက်ပွဲများ မှန်မှန်ကန်ကန် ရလဒ်ထွက်ပေါ်ဖို့ ဆိုတာဟာ ကျမတို့နိုင်ငံအတွက် အင်မတန်မှ အရေးကြီးပါတယ်။ အခုအချိန်မှာ အဖွဲ့အသီးသီး ပုဂ္ဂိုလ်အသီးသီးက ရွေးကောက်ပွဲများမှာ အောင်မြင်ရေးအတွက် အောင်နိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။ ဒါလည်း သဘာဝကျပါတယ်။ အားလုံးက ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ့်ရဲ့အဖွဲ့အစည်း၊ ကိုယ်ထောက်ခံတဲ့ပုဂ္ဂိုလ်များ နိုင်အောင်လို့  လုပ်ပေးစေချင်ကြတာပါပဲ။ ဒါပေမယ့် လုပ်ပုံကိုင်ပုံဟာ   ကျမတို့ နိုင်ငံရဲ့အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။ “ဒီရွေးကောက်ပွဲကို ဘယ်လိုပုံစံနဲ့ ကျမတို့ ကျင်းပမလဲ၊ ဒီရွေးကောက်ပွဲရဲ့ ရလဒ်တွေဟာ  ဘယ်လိုဖြစ်မလဲ၊ ရွေးကောက်ပွဲကျင်းပပေးတဲ့နောက်မှာ ကျမတို့နိုင်ငံဟာ ဘယ်လို့အခြေအနေမှာ ရှိမှာလဲဆိုတာတွေဟာ ဒီနှစ်အတွက် မဟုတ်ဘူး၊ နောက်နှစ်အတွက်မဟုတ်ဘူး၊ နောက် နှစ်ပေါင်းများစွာအတွက် ကျမတို့နိုင်ငံအတွက် အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ ဥပမာဆိုလို့ရှိရင် လူတယောက်ရဲ့အသက်နဲ့၊ လူတယောက်ရဲ့ဘ၀နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကျမရဲ့ဘ၀နဲ့ နှိုင်းယှဉ်မယ်ဆိုလို့ရှိရင် ဘ၀တခုဆိုတာ နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ပါဘူး။ တဖြည်းတဖြည်း တနှစ်ပြီးတနှစ် တနှစ်ပြီးတနှစ် တည်ဆောက်လာရတာပါ။ "ကျမက ကံကောင်းထောက်မလို့ ကျမကို ကောင်းကောင်းဆုံးမယ့် မိဘ၊ ဆရာများနဲ့ ကြီးပြင်းခဲ့ရပါတယ်။ မှန်မှန်ကန်ကန်လုပ်ဖို့၊ မှန်မှန်ကန်ကန် စဉ်းစားဖို့ အားပေးတဲ့၊ သင်ပေးတဲ့ မိဘတွေ၊ ဆရာတွေနဲ့ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတော့ ဘယ်လိုပဲ၊ ဘယ်သူကပဲ သင်သင် ကိုယ်က သင်ယူမှပဲ ကိုယ့်ကိုယ်ကိုယ် ပြင်နိုင် မှာပါ။ ဒီအတိုင်းပဲ ကျမတို့ရဲ့ ပြည်သူပြည်သားတွေကလည်း နိုင်ငံရေးပါတီတွေက ဘယ်လိုပဲပြောပြော၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေက ဘယ်လိုပဲပြောပြော၊ ပြင်ပကမ္ဘာက ဘယ်လိုပဲပြောပြော ကိုယ့်ကိုယ်ကိုယ် ပြင်ယူမှ ရမှာပါ။ ကျမတို့တတွေက ကျမတို့အမြင်တွေ၊ ဖြစ်စေချင်တာတွေ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ ဆန္ဒအိပ်မက်တွေကိုသာ တင်ပြနိုင်တာပါ။ ဒီဟာတွေကို တကယ်အကောင်အထည် ဖော်ဖို့ဆိုတာ ပြည်သူတွေ ပါမှဖြစ်မယ်။ အဓိကက ပြည်သူတွေပါပဲ။ "ကျမတို့နိုင်ငံရဲ့ အသက်ဟာဆိုရင် ကျမအသက်ထက် တနည်းအားဖြင့် ပြောမယ်ဆိုရင် ၂ နှစ်ပဲ ငယ်တယ်လို့ ပြောရမှာပေါ့။ ၃ နှစ်ပေါ့၊ ၂ နှစ်ခွဲ၊ ၃ နှစ်ငယ်တယ်လို့ ဆိုပါတော့။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးရတဲ့အချိန်မှာ ကျမက ၂ နှစ်ခွဲရှိပါပြီ။ အဲဒီတော့ တိုင်းပြည်တပြည်ဟာ လွတ်လပ်တဲ့ နိုင်ငံအဖြစ် ၆၈ နှစ် ရပ်တည်ခဲ့ပြီးပြီဆိုရင်တော့ ဒီတိုင်းပြည်ရဲ့ လုပ်ဆောင်မှုတွေကို သုံးသပ်နိုင်တဲ့ အချိန်ရောက်လာပါပြီ။ ဒီတိုင်းပြည်ဟာ တိုးတက်ခဲ့သလား၊ ဘယ်လောက်အထိ တိုးတက်ခဲ့သလဲ။ နိုင်ငံရဲ့ နိုင်ငံသားတွေဟာ ဘယ်လောက်အထိ လွတ်လပ်တဲ့နိုင်ငံမှာ နေခြင်းအားဖြင့် ဘ၀တွေ ပိုပြီးတော့ ကောင်းလာသလဲဆိုတာတွေကို ကျမတို့ စမ်းသပ် ဆုံးဖြတ်နိုင်တဲ့အချိန် ရောက်လာပါပြီ။ လူတယောက် အသက် ၇၀ ပြည့်တဲ့အခါကျလို့ရှိရင် ဘ၀မှာ ဘယ်လောက်တိုးတက်မှု ရှိခဲ့သလဲဆိုတာကို စမ်းသပ်ပြီးတော့ ဆုံးဖြတ်နိုင်သလိုပါပဲ။ "ဒီတော့ ကျမတို့နိုင်ငံ ဘယ်အခြေအနေ ရောက်နေပြီလဲ၊ ဘယ်အခြေအနေကို ဆက်သွားမလဲဆိုတာဟာ ဒီနှစ်မှာ ကျမတို့ ပြည်သူလူထုတွေရဲ့ လုပ်ရပ်များကနေပြီးတော့ ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် ရေရှည်ကိုကြည့်ပြီးတော့ လုပ်ကြပါ။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုပဲ ကြည့်တာမဟုတ်ဘဲနဲ့ ကိုယ့်ပတ်ဝန်းကျင်ရဲ့လိုအပ်ချက်တွေ၊ ကျမတို့လူသားတွေရဲ့ လိုအပ်ချက်တွေ၊ ကမ္ဘာကြီးရဲ့လိုအပ်ချက်တွေကိုပါ ကြည့်ဖို့လိုပါတယ်။ "အခုခေတ်အခုအခါမှာ ဆိုလို့ရှိရင် ဘယ်နိုင်ငံမှ ထီးထီးကြီးနေလို့ မရပါဘူး။ ပြင်ပကမ္ဘာကြီးနဲ့ ဆက်ဆံနေရတာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ပြည်သူပြည်သားများဟာ ကိုယ့်ရဲ့ အခြေအနေကို ကြည့်တဲ့အခါကျရင် ကမ္ဘာ့အခြေအနေ၊ ကမ္ဘာ့ရဲ့အမြင်၊ ကမ္ဘာ့ရဲ့သဘောထားတွေကိုလည်း ထည့်သွင်းပြီးတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အသက် ၇၀၊ အသက် ၇၀ ဆိုတော့ နောင် ကျမတို့ နေရတယ်ဆိုလို့ရှိရင်၊ အနှစ် ၂၀ လောက် နေရတယ်ဆိုရင်တောင်မှ အင်မတန်အသက်ရှည်တယ်လို့ ပြောရမှာပါ။ ဒီ နောင်နေနိုင်မယ့် အနှစ် ၂၀ လောက်အတွင်းမှာတော့ ဒီနိုင်ငံ၊ တိုးတက်တာ၊ ဖွံ့ဖြိုးတာ၊ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေဟာ တကယ့်ကို ကမ္ဘာကနေပြီးတော့ လေးစားရမယ့် တန်ဖိုးထားရမယ့်ပုဂ္ဂိုလ်များ ဖြစ်စေချင်ပါတယ်။ အဲဒီလို ဖြစ်တာကို ကျမတို့ မြင်သွား မြင်တွေ့သွားချင်ပါတယ်။ "နိုင်ငံရေးမှာ ဆိုလို့ရှိရင် ဘာလိုလိုနဲ့ ကျမ ပါခဲ့တာဟာ အနှစ် ၃၀ လောက်ရှိသွားပါပြီ။ အနှစ် ၃၀ ဆိုတာဟာလည်း မနည်းပါဘူး။ အဲဒီတော့ ဒီအနှစ် ၃၀ အတွင်းမှာ အဓိက ရခဲ့တဲ့ သင်ခန်းစာတွေ၊ ကျမတို့ အပေါ်မှာ မေတ္တာ စေတနာထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ မျှရမယ် ဆိုလို့ ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လုပ်ပေးနေနိုင်တဲ့အခြေအနေရှိပါတယ်။ အနေအထားရှိပါတယ်။ ကိုယ်ဟာ ဘယ်လောက်ပဲ နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ ဒါကတော့ ကမ္ဘာ့အမြင်အရ၊ လောကီအမြင်အရပေါ့လေ နိမ့်တာ၊ မြင့်တာကို ဆိုလိုတာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်မှာလည်း ပေးစရာရှိတယ်ဆိုတာကို မမေ့စေချင်ပါဘူး။ ယူတာကိုပဲ ယူနိုင်တာကိုပဲ စဉ်းစားနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကျမတို့ ပြည်သူလူထုဟာ ငါတို့ ဒီလောကကြီးကို ဘာပေးနိုင်လဲဆိုတာကို လေးလေးနက်နက် စဉ်းစားစေချင်ပါတယ်။ အဲဒီလိုစဉ်းစားမှ ကိုယ့်ရဲ့တန်ဖိုးကိုလည်း သိမှာပါ။ "အခု ကျမတို့အားလုံးပြောနေတာက လူ့အခွင့်အရေး။ လူ့အခွင့်အရေးဆိုတာ ဘာဖြစ်လို့ကျမတို့ ယုံကြည်လဲဆိုတာ လူတိုင်းလူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာပါလာတယ်။ လူတိုင်း လူတိုင်းဟာ တန်ဖိုးရှိတယ်ဆိုတာကို ယုံကြည်လို့ လူ့အခွင့်အရေးကြေညာစာတမ်းကြီးဟာ ပေါ်လာတာပါ။ အဲဒီတော့ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တကယ် ပထမ စအသိအမှတ်ပြုရမှာ ကိုယ်ကိုယ်တိုင်ပဲဖြစ်ပါတယ်။ အဲဒီတော့ ကိုယ့်ရဲ့တန်ဖိုးမြင့်စေမယ့် ကိစ္စတွေကို အဓိကထားပြီးတော့ လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင် ကျမတို့နိုင်ငံရဲ့  တန်ဖိုးပါ တက်မှာလည်းဖြစ်ပါတယ်။ ဒါဟာ ကျမကနေပြီး ဘယ်သူကမှ လူတိုင်းလူတိုင်းဟာ အပြစ်ကင်းကင်းစင်စင်နဲ့ အမှားမရှိအောင်လို့ လုပ်ရမယ်လို့ ကျမဆိုလိုတာမဟုတ်ပါဘူး။ ဒီလို တကယ်ဖြစ်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ ဒါပေမယ့် လူတိုင်းလူတိုင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်တဲ့ အရည်အချင်းရှိတယ်၊ ကိုယ့်ကိုယ်ကို အချိန်မရွေး မှန်ကန်တဲ့ဘက်ကနေ ရပ်တည်ပေးနိုင်တဲ့ အရည်အချင်းရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် ကိုယ့်နိုင်ငံအတွက် ဘာမဆို၊ ဘယ်နည်းနဲ့မဆို ဘယ်နေရာမှမဆို လုပ်ပေးနိုင်တာကို လုပ်ပေးချင်တယ်ဆိုတဲ့ စေတနာကို ပွားများအောင်လို့ နေနိုင်ပိုင်ခွင့်ရှိပါတယ်။ အဲဒါက တခြားသူတွေနဲ့ မဆိုင်ပါဘူး။ လူတိုင်းလူတိုင်း တဦးချင်း တဦးချင်းရဲ့ ဆုံးဖြတ်ချက်၊ တဦးချင်းတဦးချင်းရဲ့ ခံစားချက်၊ တဦးချင်းတဦးချင်းရဲ့ စိတ်ထဲမှာရှိတဲ့ နိုင်ငံပေါ်မှာထားတဲ့ မေတ္တာစေတနာပေါ်မှာပဲ တည်ပါတယ်။ "ဒါကြောင့် ကျမအနေနဲ့ ကျမတို့အပေါ်မှာ၊ ကျမအပေါ်မှာပေါ့နော် အနှစ် ၇၀ အတွင်း စေတနာမေတ္တာထားခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ ကျမတို့ ပြည်သူပြည်သားများဟာ ကျမတို့နိုင်ငံအပေါ်၊ ကျမတို့ရဲ့ ပြည်ထောင်စုကြီးအပေါ်မှာ စေတနာ မေတ္တာတွေ ထားပြီးတော့ အားလုံး ပျော်ပျော်ရွှင်ရွှင် ချမ်းချမ်းမြေ့မြေ့နဲ့ ဆက်လက်ပြီးတော့ ညီညီညွတ်ညွတ် ဒီလောကခရီးကို သွားနိုင်ပါစေကြောင်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။”
7 years Ago
More News
Up