၆၆ (ဃ)

September 8, 2020

ကယားလွှတ်တော်က Wai Phyo Oo Kozaw ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို အမှုဖွင့်

လွှတ်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ  ရေးသားတယ်ဆိုပြီး  Wai Phyo Oo Kozaw အကောင့်ပိုင်ရှင် အန်အယ်လ်ဒီ လူငယ် ၁ ဦးကို ကယားပြည်နယ်လွှတ်တော်ရုံးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။ Wai Phyo Oo Kozaw  အကောင့်ပိုင်ရှင်ကို အရေးယူပေးဖို့  ကယားပြည်နယ်လွှတ်တော်ရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်ဆွေက လက်မှတ်ထိုးပြီး လွိုင်ကော်မြို့မရဲစခန်းကို စက်တင်ဘာ ၇ ရက်က တိုင်ကြားခဲ့တာပါ။ ဒီတိုင်ကြားမှုကို လက်ခံရရှိကြောင်းနဲ့ အမှုကို လက်ခံ ဖွင့်ပေးထားကြောင်း လွိုင်ကော်မြို့မ ရဲစခန်းမှူး ကျော်လင်းထွန်းကပြောပါတယ်။ “သူတို့လွှတ်တော်ကို ဂုဏ်သိက္ခကျဆင်းအောင် ဖေ့စ်ဘွတ်ခ်ပေါ်တင်တယ်ဆိုပြီးတော့ တိုင်စာပို့ပြီး တိုင်ထားတာတော့ ရှိပါတယ်။ ကျနော်တို့ဘက်က အမှုလက်ခံပြီးတော့ ဖွင့်ပေးထားတာပေါ့ခင်ဗျာ။ ၆၆ (ဃ) နဲ့ပါ။” အမှုလက်ခံထားပြီးဖြစ်လို့ သက်သေခံပစ္စည်းသိမ်းတာ အစရှိတဲ့ ရဲလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း စခန်းမှူးက ပြောပါတယ်။ Wai Phyo Oo Kozaw ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “ကယားလွှတ်တော်ကို အမည်ပြောင်းလိုက်သည်၊ ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းထားသော လွှတ်တော်ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်”  ဆိုတဲ့ စာရေးသား ရေးထားပါတယ်။ Wai Phyo Oo Kozaw အကောင့်ပိုင်ရှင်ဟာ ဖားဆောင်းမြို့နယ် အန်အယ်ယ်ဒီ လူငယ်အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)မှာ  ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်သူတွေကို အရေးယူဖို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။  ခုလို ‌ဖေ့စ်ဘွတ်မှာ ရေးသားမှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အရေးယူတာတွေနဲ့ ပတ်သက်ပြီး  မြန်မာအစိုးရဟာ  လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖောက်ဖျက်နေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအတွေက ဝေဖန်လေ့ရှိပါတယ်။
1 year Ago

June 5, 2017

The Voice သတင်းစာအမှုကို မီဒီယာဥပဒေအတိုင်းဆောင်ရွက်ရန် တောင်းဆို

The Voice သတင်းစာ အယ်ဒီတာချုပ်နဲ့ သရော်စာရေးသားတဲ့  ဗြိတိသျှကိုကိုမောင်တို့ကို ဗဟန်း ရဲစခန်းမှာ ဖမ်းဆီးလိုက်တာနဲ့ပတ်သက်ပြီး သတင်းမီဒီယာ ဥပဒေအတိုင်း ဖြစ်သင့်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) က မေလ ၅ ရက်နေ့က ကြေညာပါတယ်။ မတ်လ ၂၆ ရက်နေ့ထုတ် The Voice သတင်းစာမှာ ကျည်ထောင်စုသစ္စာ ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့ သရော်စာနဲ့ ပတ်သက်ပြီး အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးတဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ဗဟန်းမြို့နယ်ရဲစခန်းက ဇွန်လ ၂ ရက် ညနေမှာ ဖမ်းဆီးလိုက်တာပါ။ ဒီသရော်စာကြောင့် တပ်မတော်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့ပြီး ဗဟန်းမြို့နယ် ရဲစခန်းမှာလည်း ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ သတင်းမီဒီယာဥပဒေနဲ့ နည်းဥပဒေ တို့ကိုလည်း ပြဋ္ဌာန်းထားပြီး ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ ဒီဖြစ်စဉ်မှာ သဘောထားကြီးပြီး သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေတို့နဲ့ပဲ  ဆက်လက် ဆောင်ရွက်သင့်တယ်လို့  မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ အခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်း သာယာရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားအကျိုးအတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်ရင် မိမိရဲ့ ယုံကြည်ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်လို့ မြန်မာနိုင်ငံ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးလှုပ်ရှားနေတဲ့ ကဗျာဆရာ မောင်ဆောင်းခ က “ ကျနော် ပြောချင်တာက ဒီဖြစ်စဉ်ကြောင့် ဒီဥပဒေရဲ့ အားနည်းချက်တွေကို သိသာထင်ရှားသွားတာပေါ့။ ကိုယ်က ဘယ်လိုပဲ အနုပညာမြောက်အောင်ရေးရေး၊ နာမည်တွေ မပါအောင်ရေးရေး၊ သူတို့ကို အသရေဖျက်တယ်လို့ ယူဆရင် စွဲဆိုရတယ်ဆိုတဲ့ အခြေအနေကို ပိုမြင်လာရတာပေါ့” လို့ ပြောပါတယ်။ ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ တရားစွဲဆိုခံရသူပေါင်း အရင်အစိုးရလက်ထက်က ၇ ဦးရှိခဲ့ပါတယ်။  လက်ရှိအစိုးရ လက်ထက်မှာတော့ တရားစွဲခံထားရသူ ၆၀ကျော်ရှိနေပြီဖြစ်ပြီး ဆက်သွယ်ရေးဥပဒေနဲ့ တရားစွဲဖို့ ဝန်ကြီးဌာနကို တင်ပြထားတာ၊ ရဲစခန်းမှာ တိုင်ထားတဲ့ အမှုတွေလည်း ရှိနေပါတယ်။
4 years Ago
More News
Up