၆၆(ဃ)၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ

January 31, 2017

၆၆(ဃ)၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အကုန်တွင် မြန်မာမီဒီယာများ၌ ဟိုးလေးတကျော်ဖြစ်ခဲ့သော သတင်းတပုဒ်မှာ အလဲဗင်းမီဒီယာဂရုပ်၏ စီအီးအို ဒေါက်တာသန်းထွဋ်အောင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သည့်အမှုဖြစ်သည်။ Eleven Media Group Facebook အကောင့်နှင့် Than Htut Aung Facebook အကောင့်တို့တွင် “သက်တမ်း(၇)လသာရှိပြီး လစာဒေါ်လာ ၂၅၀၀ ခန့်သာရရှိသည့် ဝန်ကြီးချုပ်တဦး ဒေါ်လာတသိန်းခန့်တန်သည့် Patek Phillpe နာရီ ဝတ်ဆင်သည်ဆိုသော လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့သည့်သတင်းတွင် တနေ့အနည်းဆုံးလုပ်ခ နှစ်ဒေါ်လာခွဲသာရသည့် နိုင်ငံသားအတော်များများကို မကျေမနပ်ဖြစ်စေခဲ့ကြောင်း၊ ၎င်းနာရီကို လက်ဆောင်ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးအမှုဖြင့် ထောင်ကထွက်လာခဲ့သော သူဌေးကြီးတဦးဖြစ်ပြီး အစိုးရ အကူးအပြောင်းတွင် မြို့သစ်စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူဖြစ်ကြောင်း” ရေးသားဖော်ပြခဲ့သဖြင့် ဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်းအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုပြု တိုင်တန်း တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ ထိုသို့ ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သော အမှုများမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်အထိ စုစုပေါင်း ၄၀ ကျော်ရှိခဲ့သည်ဆိုပါသည်။ ထိုတရားစွဲခံရသူများအထဲတွင် တဝက်ခန့်မှာ အာမခံမရခဲ့သဖြင့် အမှုစစ်ဆေးစဉ်ကာလတလျှောက်လုံး အချုပ်သားဘဝဖြင့် တရားရုံးတွင် အမှုကို ရင်ဆိုင်ကြရသည်။ တရားစွဲသူနှင့် တရားစွဲခံရသူများမှာ ယူအက်စ်ဒီပီပါတီ လိုလားသူများနှင့် အန်အယ်လ်ဒီပါတီ လိုလားသူများ အပြန်အလှန် စွဲဆိုခြင်းများ ဖြစ်နေတတ်သလို တပ်မတော်ကို မလိုလားသူများနှင့် တပ်မတော်ကို လိုလားသူများအကြား စွဲဆိုမှုမျိုးလည်း ဖြစ်နေတတ်သည်ကို တွေ့ရသည်။ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နာမည်ကြီးနေသောပုဒ်မ ၆၆(ဃ) မှာ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၃ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၆၆ ဖြင့် ပြဋ္ဌာန်းခဲ့သည့် “ဆက်သွယ်ရေးဥပဒေ” ပါ ပုဒ်မတခုဖြစ်သည်။ အဆိုပါပုဒ်မ ၆၆ က ဤသို့ဆိုလေသည်။ ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ (က) ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ယင်း၏ ပိုင်ရှင် သို့မဟုတ်  စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်းသတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကိုဖြစ်စေ၊ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊ (ခ) ဆက်သွယ်ရေးကွန်ရက်ကို ထိခိုက်ပျက်စီးစေရန်ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ဝင်ရောက်စေခြင်း၊ (ဂ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ငွေကြေးနှင့်ပစ္စည်းတစ်ရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း၊ (ဃ) ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း။ သို့ဖြစ်လေရာ ပုဒ်မ ၆၆(ဃ) တွင် ပါရှိသည့် အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့သည့် အမှုများတွင် အသရေဖျက်မှု မြောက်-မမြောက် တရားရုံး၏ ဆုံးဖြတ်ချက် မချရသေးမီ တရားအစွဲခံရသူမှာ ချက်ချင်းလက်ငင်းအားဖြင့် ရဲအချုပ်ခန်းတွင်းသို့ ဝင်ရပေလိမ့်မည်။ တရားရင်ဆိုင်စဉ်ကာလအတွင်း အာမခံဖြင့် အချုပ်ခန်းပြင်ပတွင် နေထိုင်ခွင့်ရ-မရဆိုသည်မှာ သက်ဆိုင်ရာ တရားသူကြီး၏ ဆင်ခြင်တုံတရားအပေါ်သာ မူတည်လေရာ တရားစွဲခံရသူအချင်းချင်း အကြားတွင်ပင် တူညီသောအခွင့်အရေး မရှိချေ။ ထို့ပြင် အစွပ်စွဲခံရသူ၏ ရေးသားပြောဆိုချက်က တကယ်တန်း အသရေဖျက်မှု မမြောက်ခဲ့လျှင်လည်း အချုပ်ခံလိုက်ရသည့်အတွက် အစွပ်စွဲခံရသူမှာ များစွာနစ်နာမှုရှိပေသည်။ သို့ဖြစ်၍ လူမှုမီဒီယာပေါ်တွင် ဤပုဒ်မ ရှိသင့်-မရှိသင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိ-မရှိ၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် တာဝန်ယူမှုဆိုသည်မှာဘာလဲ၊ ဒီမိုကရေစီအစိုးရသစ်က မီဒီယာသမားများကို ပိုမိုနှိပ်ကွပ်နေသလား စသဖြင့် အပြန်အလှန် ငြင်းခုံမှုများ ပေါ်လာသည်။ ပုဒ်မ ၆၆(ဃ) ကို လေ့လာကြည့်သည့်အခါ ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့မှာ အသရေဖျက်ခြင်း ဆိုသည့် လုပ်ဆောင်ချက်နှင့် သဘောသဘာဝခြင်း မတူညီသည်ကို တွေ့ရသည်။ လူတဦးတယောက်ကို လာဘ်စားသည်၊ သို့မဟုတ် အကျင့်ပျက်သည် စသဖြင့် စွပ်စွဲပြောဆိုသည့်အခါ သက်သေအထောက်အထား ခိုင်ခိုင်မာမာ ပြသနိုင်လျှင် အသရေဖျက်မှုမြောက်မည်မဟုတ်ပေ။ သက်သေအထောက်အထား ခိုင်ခိုင်မာမာ မပြနိုင်လျှင်ကား လုပ်ကြံစွပ်စွဲပြောဆိုခြင်းဖြစ်၍ အသရေဖျက်မှု မြောက်ပေလိမ့်မည်။ သို့ဖြစ်လေရာ အသရေဖျက်မှု မြောက်-မမြောက်ဆိုသည်ကို တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းကြရမည်။ အသရေဖျက်မှုမမြောက်လျှင် ပြစ်ဒဏ်ပေးခံရခြင်းမှ ကင်းလွတ်မည်ဖြစ်ပြီး အသရေဖျက်မှုမြောက်လျှင်ကား ပြစ်ဒဏ်အပေးခံရမည် ဖြစ်ပေသည်။ သို့ဖြစ်လေရာ ဤကိစ္စမျိုးတွင် အသရေဖျက်မှု မြောက်-မမြောက်ဆိုသည်မှာ အမှန်တကယ် ဖြစ်ခဲ့-မဖြစ်ခဲ့ဆိုသည်အပေါ် မူတည်ပေသည်။ သို့သော် တဦးနှင့်တဦး ကြည်ကြည်ဖြူဖြူရှိခဲ့စဉ်က နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့သည်ကို ရိုက်ကူးထားသည့် အရုပ်၊ အသံဖိုင်များကို နောက်ပိုင်း ဆက်ဆံရေးအဆင်မပြေဖြစ်သည့်အခါကျမှ လူမှုကွန်ရက်တွင်ဖော်ပြခြင်း၊ ဖြန့်ဝေခြင်းသည် အမှန်တကယ်ဖြစ်ခဲ့သည့်ကိစ္စ မှန်သော်လည်း၊ (ခြိမ်းခြောက်ခြင်းမပြုသည့်တိုင်) လူတဦးတယောက်၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသဖြင့် အသရေဖျက်မှုတမျိုးပင်ဖြစ်သည်။ ဤကိစ္စမျိုးကား လူတဦးချင်းစီ၏ လျှို့ဝှက်အပ်သော (အများမြင်တွေ့ရန်မလိုအပ်သော) ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စများဖြစ်ပြီး ကာယကံရှင်အား အရှက်တကွဲဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သဖြင့် အသရေဖျက်မှု မြောက်ပေလိမ့်မည်။ ထို့ကြောင့် ဤကိစ္စမျိုးနှင့်ပတ်သက်လျှင် အသရေဖျက်မှု မြောက်-မမြောက်ဆိုသည်မှာ အမှန်တကယ် ဖြစ်ခဲ့ခြင်း-မဖြစ်ခဲ့ခြင်းအပေါ် မတည်ဘဲ လူတဦးချင်း လိုက်နာအပ်သော ကျင့်ဝတ်ရှိ-မရှိနှင့်သာ ဆိုင်သည်။ နိုင်ငံတော်၏ အရေးကြီး ထိပ်ပိုင်းတာဝန်ထမ်းဆောင်နေသူ တဦးတယောက်ကို အမည်နာမတပ်၍ တာဝန်ပေါ့လျော့သောကြောင့် နုတ်ထွက်သင့်ကြောင်း၊ သို့မဟုတ် လုပ်ရည်ကိုင်ရည်မရှိ ကြိုးဆွဲရာကရသူဖြစ်ကြောင်း၊ သို့မဟုတ် ခေါင်းဆောင်၏ လုပ်ကိုင်ဆောင်ရွက်ပုံများသည် အာဏာရှင်လုပ်ဟန်ဖြစ်၍ ပြုပြင်သင့်ကြောင်း စသည်မျိုး လူမှုကွန်ရက်တွင် ရေးသားခြင်းမျိုးမှာ စွပ်စွဲရေးသားခြင်းမျိုးထက် အဖြစ်အပျက်တချို့နှင့် ပတ်သက်သည့် သူ၏ ထင်မြင်ယူဆချက်ကိုသာ ဖော်ထုတ်ရေးသားခြင်းဖြစ်သဖြင့် အသရေဖျက်မှုမြောက်သည်ဟု မယူဆပေ။ ထိုသို့သောကိစ္စမှာ နိုင်ငံ့ခေါင်းဆောင် သို့မဟုတ် သာမာန်လူတဦးတယောက်၏ အကျင့်စာရိတ္တပျက်ပြားသည်ဟု ထောက်ပြပြောဆိုခြင်း သို့မဟုတ် စွပ်စွဲပြောဆိုခြင်းမျိုးမဟုတ်ဘဲ အရည်အချင်းပိုင်းဆိုင်ရာကိုသာ ပြောဆိုခြင်းဖြစ်သဖြင့်  လွတ်လပ်စွာ ထင်မြင်ယူဆခွင့် ထုတ်ဖော်ရေးသားခွင့် ရှိပေသည်။ သို့သော်လည်း ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများကိုသုံး၍ မစ္ဆိယစိတ်ဖြင့် တပြားမတန်အောင် ရေးခဲ့ ပြောခဲ့လျှင်မူကား အသရေဖျက်မှု မြောက်ပေလိမ့်မည်။ သို့ဖြစ်လေရာ ဤကိစ္စမျိုးတွင် အသရေဖျက်မှု မြောက်-မမြောက်ဆိုသည်မှာ တရားသူကြီး၏ ဆင်ခြင်တုံတရား အပေါ်တွင်သာ တည်မှီပါလိမ့်မည်။ ထိုသို့ ပြစ်မှုမြောက်မမြောက် တရားရုံး၏ အဆုံးအဖြတ်အပေါ်တွင် များစွာတည်မှီသည့် အသရေဖျက်မှုဆိုင်ရာ တရားစွဲဆိုမှုမျိုးကို မူလ ပုဒ်မ ၆၆(ဃ) မှ သီးခြားခွဲထုတ်ကာ ပုဒ်မခွဲတခုတပ်လျက် မုချအာမခံပေးရမည့် အမျိုးအစားတွင် ထည့်သွင်းလျင် သင့်တော်မည်ဟု ယူဆပါသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် အကြွင်းမဲ့လား လွတ်လပ်စွာပြောဆိုခွင့်မရှိဟု ဝေဖန်သူများက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ပြကြသည်။ အခြေခံဥပဒေတွင် လွတ်လပ်စွာပြောဆိုခွင့်နှင့် ပတ်သက်၍ ပုဒ်မ ၃၅၄ တွင် အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။ ၃၅၄။ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် အောက်ပါအခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။ (က) မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ (ခ) လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်၊ (ဃ) တိုင်းရင်းသားလူမျိုးတမျိုးနှင့်တမျိုး သို့မဟုတ် တိုင်းရင်းသားအချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချင်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ဟု ဆိုထားလေရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်မှာ အကြွင်းမဲ့မဟုတ်ချေ။ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ဆိုသည့် ကန့်သတ်ချက် ပါဝင်နေပေသည်။ သို့ဖြစ်၍ မြန်မာနိုင်ငံသားများ ရရှိနေသော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် ရေးသားဖြန့်ဝေခွင့်မှာ တကယ်မလွတ်လပ်ဟု အချို့က ဆိုကြသည်။ ၎င်းတို့က အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပထမပြင်ဆင်ချက်တွင် ဖော်ပြပါရှိသော “Congress shall make no law…abridging (limiting) the freedom of speech, or of the press….” “ကွန်ဂရက်လွှတ်တော်က လွတ်လပ်စွာပြောဆိုခွင့် သို့မဟုတ် လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်အပေါ် ကန့်သတ်သည့် မည်သည့်ဥပဒေမျှ မပြဋ္ဌာန်းရ” ဆိုသည်ကို ထောက်ပြကြပြီး အမေရိကန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ အကြွင်းမဲ့ဟု ယူဆကြသည်။ အမှန်မှာ ထိုသို့မဟုတ်ချေ။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ စာသားတွင် လွတ်လပ်စွာ ပြောဆိုခွင့်မှာ အကြွင်းမဲ့ဖြစ်သော်လည်း လက်တွေ့ဖြတ်သန်းမှုများအတွင်း ပြည်သူတို့၏ အကျိုးစီးပွားကို မထိပါးစေရန် ကန့်သတ်ချက်များ၊ ဘောင်ခတ်မှုများမှာ တဖြည်းဖြည်း တည်ရှိလာပေသည်။ ယနေ့မျက်မှောက်ကာလ အမေရိကန်တရားစီရင်ရေး၏ လွတ်လပ်စွာပြောဆိုခွင့်တွင် အောက်ပါတို့ မပါဝင်ချေ။ - “တိုက်ခိုက်သည့်စကားလုံးများ” ပါဝင်သည့် မိန့်ခွန်းများ (အကြမ်းပတမ်း လက်တုံ့ပြန်မှုကို ဖြစ်စေနိုင်သော စော်ကားသည့် သို့မဟုတ် ရုန့်ရင်းကြမ်းတမ်းသည့် ပြောဆိုချက်) - ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာခြင်း၊ - ရာဇဝတ်ကျူးလွန်စေရန် လှုံ့ဆော်ခြင်းနှင့် အားပေးတိုက်တွန်းရာရောက်သည့် စကားနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ - သွားပုတ်လေလွင့်ပြောဆို အသရေဖျက်ခြင်း (ပုဂ္ဂိုလ်တဦးတယောက်ကို ဂုဏ်သိက္ခာနှင့် အကျင့်စာရိတ္တကို ထိခိုက်နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန် မှားယွင်းသော ပြောစကားများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း) - ရင့်သီးရိုင်းစိုင်း၍ ညစ်ညမ်းသော သို့မဟုတ် ထပ်တလဲလဲ နှောင့်ယှက်သော တယ်လီဖုန်းဖြင့် ပြောဆိုမှုများ၊ ကျယ်လောင်စွာ ပြောဆိုခြင်းနှင့် ဆူညံသောအသံကို ပြုလျက် တခြားသူကို အနှောင့်အယှက်ဖြစ်စေခြင်းတို့ ဖြစ်ကြသည်။ ထို့အတူ နိုင်ငံတကာဥပဒေကလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွင် ဥပဒေထိန်းချုပ်မှု ရှိရမည်ဟု ကြေညာသည်။ ကန့်သတ်မှုများမှာ ခြွင်းချက်ဖြစ်ပြီး အောက်ဖော်ပြပါ အချက်များကို  အကာအကွယ်ပေးရန်အတွက်သာ ဖြစ်သည်။ ၎င်းတို့မှာ… - တပါးသူတို့၏ အခွင့်အရေး သို့မဟုတ် ဂုဏ်သိက္ခာကို ကာကွယ်ရန် - အမျိုးသားလုံခြုံရေးကို ကာကွယ်ရန် - အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ရန် - အများပြည်သူ ကျန်းမာရေးကို ကာကွယ်ရန် - ကိုယ်ကျင့်သိက္ခာကို ကာကွယ်ရန်ဟု Article 19 (လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉) ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။ ထို့ကြောင့် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုသည်မှာ အကြွင်းမဲ့ မဟုတ်သည်မှာ ထင်ရှားလေသည်။ သို့ဖြစ်လေရာ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) ကို ပယ်ဖျက်ရန်မသင့်ဘဲ အသရေဖျက်မှု စွပ်စွဲချက်များကို မုချအာမခံပေးရန် ပြင်ဆင် ပြဋ္ဌာန်းခြင်းသည်သာလျှင် အသင့်တော်ဆုံး ဖြစ်လိမ့်မည်ဟု ထင်မြင်ယူဆမိပါကြောင်း တင်ပြလိုက်ရပေသည်။ ရဲထွန်း (သီပေါ) စာကိုး - Freedom speech and freedom of press. Article 19 ; Limitations ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ
4 years Ago
Up