၅ ဦးဖမ်းမိ

October 4, 2020

ချင်းမိုင်ရှိ ဆေးခြောက် ဓာတ်ခွဲခန်း ထိုင်းရဲဝင်စီး၊ ဂျပန် ၁ ဦးအပါအဝင် ၅ ဦးဖမ်းမိ

ထိုင်းရဲတွေဟာ နိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်က တရားမဝင် ဆေးခြောက် ဓာတ်ခွဲခန်း တခန်းကို အောက်တိုဘာ ၃ ရက်က ဝင်ရောက် စီးနင်းခဲ့ပါတယ်။  တရားမဝင် ပစ္စည်းတွေကို ထုတ်လုပ်ပြီး ဂျပန်နိုင်ငံကို တင်ပို့မှုအတွက် ဂျပန်အမျိုးသား တယောက်အပါအဝင် လူ ၅ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။  ဆေးခြောက်ထုတ်ကုန်တွေ၊ မျိုးစေ့တွေ၊ ဆေးခြောက်ပင် ၁၀၀ ကျော်၊ ဆေးခြောက် ကုန်ကြမ်းတွေနဲ့ ဆေးခြောက်အဆီအနှစ် ထုတ်ရာမှာသုံးတဲ့ စက်ပစ္စည်းတွေကိုလည်း ရဲတွေက သိမ်းဆည်းခဲ့ပါတယ်။ ချင်းမိုင်မှာရှိတဲ့ ဂျပန် ကောင်စစ်ဝန်ရုံးရဲ့ သတင်းပေးချက်အရ စီးနင်းတာပါ။ လူမှုကွန်ရက်ပေါ်မှာ ဂျပန်နဲ့ထိုင်းနိုင်ငံတွင်းက ဖောက်သည်တွေဆီကို တရားဝင် ပစ္စည်းတွေနဲ့ တရားမဝင် ဆေးခြောက်တွေ ရောင်းနေတယ်လို့ ဂျပန်ကောင်စစ်ဝန်ရုံးက ကြေညာ ခဲ့တဲ့အကြောင်း ထိုင်းရုပ်သံ ThaiPBS ရုပ်သံက ဖော်ပြပါတယ်။ ဒီဓာတ်ခွဲခန်းကို ကြီးကြပ်သူလို့ စွပ်စွဲခံရသူဟာ အသက် ၄၁ နှစ်အရွယ် ဂျပန် အမျိုးသား ခတ်စုဟိစါ့ ခိုမိယ ဖြစ်တယ်လို့ ရုပ်သံက ကြေညာပါတယ်။  သူက ထိုင်းအလုပ်သမား ၄ ယောက်ကို ငှားရမ်းပြီး စိုက်ပျိုး၊ ပျိုးထောင်တာကနေ ဆေးခြောက်ဆီနဲ့ ဆေးတောင့်လုပ်တဲ့အထိ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ဆောင်ရွက်တယ်လို့ မီဒီယာ က ပြောပါတယ်။  သံသယရှိသူ ၅ ယောက်လုံးကို စုံစမ်းစစ်ဆေးနေပြီး နောက်ထပ် စစ်မေးစရာတွေအတွက် အချုပ်ထဲမှာ ထိန်းသိမ်းထားပါတယ်။   
7 months Ago
Up