၅ လောင်းပြိုင်

July 4, 2020

၅ လောင်းပြိုင်လူသတ်မှု သံသယရှိသူ ၂ ဦးကို စစ်ဆေးနေဟု ကေအိုင်အိုပြော

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ ကေအိုင်အေ/ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း မိသားစု ၅ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ၂ ဦးကို ဗန်းမော်ခရိုင် ကေအိုင်အို အုပ်ချုပ်ရေးရုံးမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတာလို့ သိရပါတယ်။ ကေအိုင်အိုပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘိုက “ဇွန် ၃ ရက်နေ့မှာ သံသယရှိတဲ့ အမျိုးသား ၂ ယောက်ကို ဖမ်းပြီး စစ်ဆေးနေပါတယ်။ နောက်ထပ် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ သူတို့ရွာထဲကပါပဲ” လို့ ပြောပါတယ်။ မန်စီမြို့နယ်၊ အင်ဘာပါကျေးရွာအနီးရှိ ဂိုင်ဒေါ်ကျေးရွာမှာနေထိုင်တဲ့ မိသားစုဝင် ၅ ဦး ဇူလိုင် ၂ ရက် ညပိုင်းက အသတ်ခံခဲ့ရပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အခုဖြစ်ပွားတဲ့ လူသတ်မှုဟာ တရုတ်ပြည်နယ်စပ် ဗန်းမော်နဲ့ မိုင် ၂၀ အကွာမှာရှိပြီး ကေအိုင်အေ/ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်ကာ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်လှမ်းမမီတဲ့ ဒေသမှာရှိတာကြောင့် ဖြစ်စဉ်ဖြစ်ပွားတာကိုသာသိပြီး အရေးယူဆောင်ရွက်ဖို့ အခက်ခဲရှိတယ်လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ချိုက ပြောပါတယ်။ သေဆုံးသူတွေကို ဒိန်စီတိုက်နယ် တာဝန်ခံဘုန်းတော်ကြီး နဲ့ ပန်ခတ်တိုက်နယ် တာဝန်ခံဘုန်းတော်ကြီးတို့က ဦးဆောင်ပြီး ဓမ္မဆရာများသွားရောက်ဆုတောင်းပေးခဲ့ကာ ဇူလိုင် ၃ ရက်နေ့က မီးသင်္ဂြိုဟ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ မင်းခန့်ကိုကို
11 months Ago
Up