၅ လအရွယ်ကလေး

October 12, 2020

မကွေးတိုင်းတွင် ၅ လအရွယ်ကလေးအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၁ ဦး ထပ်တွေ့

မကွေးတိုင်းမှာ အောက်တိုဘာ ၁၁ ရက်နေ့က ၅ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ရန်ကုန်ပြန် ၁၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရန်ကုန် NHL ရဲ့ဓာတ်ခွဲစစ်ဆေးချက်အရ မြို့သစ်မြို့နယ်က ၈ ဦး၊ ပွင့်ဖြူမြို့နယ်က ၁ ဦး၊ မင်းဘူးမြို့နယ်က ၁ ဦး၊ Test Kit နဲ့ အမြန်စစ်ဆေးချက်အရ စလင်းမြို့နယ်က ၅ လသား အရွယ် ကလေးငယ် ၁ ဦးတို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာလို့ တိုင်းကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ အဲဒီအတည်ပြုလူနာတွေဟာ ရန်ကုန်တိုင်းဒေသကြီးက ပြန်လာတာဖြစ်ပြီး သက်ဆိုင်ရာ Quarantine စင်တာတွေမှာ အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့ ဆိုပါတယ်။ လူနာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ဆေးကုသပေးနေပြီး စလင်းမြို့နယ်က ၅ လသား အရွယ်ကလေးငယ်ကိုတော့ မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှာ အထူး ကြပ်မတ်ကုသပေးနေတယ်လို့ ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ မကွေးတိုင်းမှာ အောက်တိုဘာလ ၁၁ ရက်နေ့ ညအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၈ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၅၆ ဦးရှိတယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
7 months Ago
Up