၅ ရက်ကြာ စောင့်ဆိုင်းရိုက်ကူးရသည့် ပိုလာဝက်ဝံမိသားစု လှုပ်ရှားမှု

January 28, 2016

၅ ရက်ကြာ စောင့်ဆိုင်းရိုက်ကူးရသည့် ပိုလာဝက်ဝံမိသားစု လှုပ်ရှားမှု (ရုပ်သံ)

ပိုလာ (၀င်ရိုးစွန်း) ၀က်ဝံနဲ့ ရင်သွေးတွေရဲ့ လှုပ်ရှားမှုကို သိရဖို့အတွက် ဗြိတိန်နိုင်ငံသား ကျွမ်းကျင် ဓာတ်ပုံပညာရှင် ဒေးစီဂိုင်လာဒီနီက နှင်းတောထဲမှာ ၅ ရက်ကြာ အချိန်ယူ ရိုက်ကူးခဲ့ပါတယ်။ အရင်နှစ် ဖေဖော်ဝါရီလမှာ ကနေဒါနိုင်ငံ မန်နီတိုဘာ မြောက်ပိုင်း အမျိုးသား ဥယျာဉ်တခုမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီဓာတ်ပုံတွေကို ဥရောပက လူတွေက လူမှုရေး ကွန်ရက်တွေ အများဆုံး မျှဝေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အာတိတ် ဂလိုဘယ်လ်ဆုအတွက်လည်း ရွေးချယ်ခံထားရပါတယ်။ ဒီလို ရိုက်ကူးနိုင်ဖို့အတွက် စိတ်ရှည်ဖို့ လိုအပ်တယ်လို့ ဂိုင်လာဒီနီက ပြောပါတယ်။ ပိုလာဝက်ဝံတွေက အနီးအနားမှာ ဓာတ်ပုံဆရာတွေ ရှိနေတယ်ဆိုတာကို အနံ့နဲ့ သိနေတယ်လို့လည်း ပြောပါတယ်။ ဥပဒေအရ မီတာ ၁၀၀ အကွာအဝေးကနေ ပိုလာဝက်ဝံတွေကို ဓာတ်ပုံဆရာတွေက ရိုက်ယူရတာ ဖြစ်ပါတယ်။ ဂိုင်လာဒီနီကတော့ ၀င်ရိုးစွန်းဒေသကို အထူးပြုရိုက်ကူးတဲ့ ဓာတ်ပုံဆရာဖြစ်ပြီး သူရဲ့ လက်ရာတွေကို ဘီဘီစီနဲ့ နေရှင်နယ်ဂျော်ဂရပ်ဖစ် မဂ္ဂဇင်းမှာ တွေ့နိုင်ပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းက ဒီဥယျာဉ်ကို ၄ ကြိမ်မြောက် ရောက်လာတာ ဖြစ်ပါတယ်။ သူရောက်တဲ့ အချိန်က ရာသီဥတုက အနုတ် ၄၀ ဆဲလ်စီရက်ရှိနေပါတယ်။ မန်နီတိုဘာဟာ ၀င်ရိုးစွန်း ၀က်ဝံတွေ နေထိုင်တဲ့နေရာလည်း ဖြစ်ပါတယ်။
7 years Ago
Up