၅ နှစ်အရွယ်သမီး

June 28, 2021

မိုးကုတ် သပိတ်ခေါင်းဆောင်၏ ၅ နှစ်အရွယ်သမီးကို ရက် ၂၀ ပြည့်အထိ ပြန်လွှတ်မပေးသေး

မန္တလေးတိုင်း မိုးကုတ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုစိုးဌေးရဲ့ ၅ နှစ်အရွယ် သမီးကို အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖမ်းဆီးသွားတာ ရက်ပေါင်း ၂၀ ရှိပြီဖြစ်ပေမယ့် ပြန်လွှတ်မပေးသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဇွန် ၁၃ ရက်နေ့က ကိုစိုးဌေးကို ဖမ်းဆီးရမိဖို့ နေအိမ်မှာ လာရှာကြပြီး ဝရမ်းကပ်တာတွေ လုပ်ခဲ့ကြပါတယ်။

အဲ့ဒီလိုလုပ်ပြီး မကြာခင်မှာ ကိုစိုးဌေးရဲ့ ဇနီး၊ တတိယနှစ် ဥပဒေ ကျောင်းသူ သမီး၊ အသက် ၅ နှစ်အရွယ် သမီးတို့ကို ဖမ်းဆီးခေါ်သွားတယ်လို့ သိရပါတယ်။

ကိုစိုးဌေးက “ကျနော်က ကျနော့်မိသားစုအရေးပြောတာထက် ဒီစစ်အကြမ်းဖက်မှုဆိုတာ လုပ်လာတာ နှစ်ပေါင်း ၆၀ လောက်ရှိပြီ။ ဒါကိုကန့်ကွက်တယ်။ ရှုံ့ချတယ်ဆိုတာလောက်နဲ့ ထိထိရောက်ရောက်ရှိခဲ့တာမရှိဘူး။ မရှိလို့လည်း အာဏာထပ်သိမ်းတာပဲ။ နောက်လည်း ထပ်သိမ်းမှာပဲ။ ဒီလိုပြစ်မှုမျိုးတွေကျူးလွန်ဦးမှာပဲ။ ပြစ်တင်တယ်၊ ကန့်ကွက်တယ်၊ ရှုံ့ချတယ်၊ ပိတ်ဆို့တယ် ဆိုတာထက် အရေးမယူနိုင်တဲ့ ကာလပတ်လုံး ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အာဏာရှင်တွေ ထပ်ပေါ်လာမှာပဲ။” လို့ ပြောပါတယ်။

မိုးကုတ်မြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ခေါင်းဆောင် ကိုစိုးဌေးရဲ့ ဖမ်းဆီးခံထားရတဲ့ သမီးဟာ ဒီကနေ့ ဇွန်လ ၂၈ ရက်နေ့မှာ အသက် ၅ နှစ်ပြည့်တာဖြစ်ပါတယ်။

7 months Ago
Up