၅ နှစ်ဆက်

September 18, 2020

ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်တွင် အောက်စဖို့ဒ်တက္ကသိုလ် ၅ နှစ်ဆက် ထိပ်ဆုံးရပ်တည်

လန်ဒန်အခြေစိုက် Times Higher Education(THE) မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်စာရင်းမှာ ဗြိတိန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်ဟာ ထိပ်ဆုံးမှ ရပ်တည်နေပါတယ်။ ဒါဟာ အောက်စဖို့ဒ်တက္ကသိုလ်အနေနဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ ဒီစာရင်းမှာ ၅ နှစ် ဆက်တိုက် နံပါတ် ၁ နေရာမှာ ရပ်တည်နေနိုင်ခဲ့တာဖြစ်ပြီး အမေရိကန်တက္ကသိုလ်တွေ ဖြစ်တဲ့ စတဲန်ဖို့ဒ်တက္ကသိုလ်နဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ်တွေကတော့ ဒုတိယနဲ့ တတိယနေရာတွေမှာ အသီးသီးရပ်တည်နေတာပါ။ အဲဒီနောက်မှာတော့ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်နဲ့ မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တွေက စတုတ္ထနဲ့ ပဉ္စမနေရာတွေမှာ အသီးသီး ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ခုနှစ် Times Higher Education ရဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ အဆင့်သတ်မှတ်မှုမှာ နိုင်ငံပေါင်း ၉၃ နိုင်ငံမှ တက္ကသိုလ်ပေါင်း ၁၅၀၀ ကျော် ပါဝင်ပြီး တက္ကသိုလ်တွေရဲ့ သင်ကြားမှု၊ သုတေသန၊ အသိပညာဖြန့်ဝေမှုနဲ့ နိုင်ငံတကာ အမြင်တွေအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀ ခုစာရင်းမှာတော့ ဗြိတိန်တက္ကသိုလ် ၂ ခုနဲ့ အမေရိ ကန်တက္ကသိုလ် ၈ ခုက ရပ်တည်နေခဲ့တာပါ။ အဆင့် ၁၁ ကနေ ၂၅ နေရာအထိစာရင်းမှာလည်း အမေရိကန်နဲ့ ဗြိတိန်တက္ကသိုလ်တွေ လွှမ်းမိုးထားခဲ့ပြီး တခြားနိုင်ငံတွေထဲက ဆွစ်ဇာလန်၊ တရုတ်နဲ့ စင်ကာပူနိုင်ငံတွေသာ ပါလာခဲ့တာကို တွေ့ရပါတယ်။ အဲဒီစာရင်းထဲမှာ ဆွစ်ဇာလန်နိုင်ငံက ETH Zürich တက္ကသိုလ်က အဆင့် ၁၄၊ ကနေ ဒါနိုင်ငံက University of Toronto က အဆင့် ၁၈၊ တရုတ်နိုင်ငံ တက္ကသိုလ် ၂ ခုဖြစ်တဲ့ Tsinghua University နဲ့ Peking University တွေက အဆင့် ၂၀ နဲ့ ၂၃ နေရာတွေမှာ ရှိ နေပြီး အရှေ့တောင်အာရှနာမည်ကြီးတက္ကသိုလ်တခုဖြစ်တဲ့ စင်ကာပူအမျိုးသားတက္ကသိုလ်ကတော့ အဆင့် ၂၅ နေရာမှာ ရှိနေခဲ့ပါတယ်။
1 year Ago
Up