၅၈ နှစ်မြောက် ဇူလိုင် ၇ ရက် အရေးတော်ပုံ

July 7, 2020

၅၈ နှစ်မြောက် ဇူလိုင် ၇ ရက် အရေးတော်ပုံ 

မမေ့သင့်ကြ၊  ဖွင့်ဟစကား၊ ခုပြန်ကြားနေ၊  မတွေဝေကြေး၊ သမိုင်းကြွေးတွေ၊  ရှိနေသေးမို့၊ ဆပ်ကြစို့။  ၇ ရက် ဇူလိုင်၊ မျက်ရည်ဖြိုင်ခဲ့၊  ကြွေခဲ့သက်တွေ၊ ရာချီပေမို့၊  မျက်ရည်စို့လာ၊ သည်နေ့ခါဝယ်၊  အာဏာရှင်မျိုး၊ မာန်တန်ခိုးကြွ၊  လူ့ဗာလများ၊ သတိထားလော့၊  သမိုင်းကျော့မှန်၊ တစ်ပတ်ပြန်ပြီ၊  ဆပ်ရန်အကြွေး၊ ပြန်ပေးစို့။  ဇူလိုင် ၈ ရက်၊ မနက်လင်းစ၊  ဖောက်ခွဲဖျက်ဖြို၊ တက္ကသိုလ်၏၊  ဦးထိပ်ထိပန်၊ ယူနီယံကား၊  ပြာပုံကြားရောက်၊ ပြားပြားမှောက်ပြီ၊  ဆောက်တည်မရ၊ မမေ့ကြနဲ့၊  ငါးဆယ့်ရှစ်နှစ် ပြည့်ခဲ့ပြီ။ ။    မအ အောင် သမိုင်း လေ့လာပါ သမိုင်းသုတေသီ ဒေါက်တာသန်းထွန်းက “မအ အောင်လို့ သမိုင်းသင်ကြရတာ” လို့ ပြောခဲ့ဖူးတယ်။ သိတာ နဲ့ မသိတာကြားမှာ သိတာက ကောင်းပါသတဲ့။ ရာဇဝင်၊ သမိုင်းကိုသိမှ လူအ လူန မဖြစ်မှာပေါ့။ သမိုင်းကို လေ့လာကြပါစို့ ညီနောင် မယ်ဖွားတို့ရေ။ ၈ ၈ ၈၈ ရှစ်လေးလုံး သမိုင်း ၁၉၈၈ ခုနှစ် ဩဂုတ် ၈ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ အရေးတော်ပုံကြီးက ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးပေါ့။ ၈၈၈၈ နေ့မှာ မြန်မာတပြည်လုံးမြို့ရွာတွေမှာ ပြိုင်တူဆန္ဒပြခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၈၈၈၈ သုံးဆယ့်တနှစ်ပြည့်မှာ DVB TV က အာဏာရှင် ဦးနေဝင်းရဲ့ “စစ်တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး။ တည့်တည့်ပစ်တယ်။” ဆိုတဲ့ ကြိမ်းဝါးပြောတဲ့ ဗွီဒီယိုကို ပြခဲ့တယ်။ ဒါပေမဲ့ ကြိမ်းဝါးသူ ဦးနေဝင်းပုံရဲ့အောက်မှာ ဦးနေဝင်း မဆလ အာဏာရှင်ကြီးဆိုတဲ့ စာတန်း မရေးပြခဲ့မိဘူး။ ၈၈၈၈ ကို နှိမ်နင်းခဲ့တဲ့ အာဏာရှင် ဦးနေဝင်းကို လူတိုင်း သိလိမ့်မယ်ထင်လို့ပေါ့။ ဒါပေမဲ့ သတင်းကြည့်သူတွေက အဲ့သည် မိုးပေါ်ထောင်မပစ်ဘူး ပြောတာ ဘယ်က လူကြီးလဲလို့‌ မေးလာကြတယ်။ အဲ့သည်အခါကျမှ ၈၈၈၈ သမိုင်းကိုတောင် လူတွေ မကျေကြပါလားလို့ ဆင်ခြင်မိတော့တယ်။ ၈၈၈၈ က အခုဆိုရင် ၃၂ နှစ်ပြည့်ပြီလေ။ ၃၂ နှစ်ကြာ ရှစ်လေးလုံးက ဦးနေဝင်းကိုတောင် မသိကြလျှင် ၅၈ နှစ်ပြည့် 7 July ဇူလိုင် ၇ ရက် အရေးတော်ပုံကို ဆိုလျှင် သိသူနည်းနိုင်ပါလိမ့်မယ်။ သိလည်း အပေါ်ယံလောက်ပေါ့။  ဇူလိုင် ၇ ရက် အရေးတော်ပုံ  {ဇူ} လိုင်မိုးဖွဲကြား ကြွေးကြော်သံတွေ  {လှိုင်} လှိုင်ပေါ်လာတဲ့သေနတ်သံတွေကြား  {၇} ၇ ၆၂ ကို မမေ့ကြနဲ့ ဆိုတဲ့အော်သံ  {ရက်} စက်မှု့အပေါင်း သရဖူဆောင်းခဲ့ကြ  {အ} ရေးတော်ပုံမှာကျောင်းသားရာကျော်သေခဲ့ရ  {ရေး} ခွင့်မရပေမဲ့ ရင်ထဲအမြဲရှိ ရာဇဝင်တပုဒ်  {တော်} လှန်သောကျောင်းသားတွေကို မွေးဖွားခဲ့  {ပုံ}ပြင် ဒဏ္ဍာရီမဟုတ်တဲ့ ၇ ရက်ဇူလိုင်သမိုင်း။    ဇူလိုင် ၇ ရက် ကျောင်းသားသွေးမြေကျ အရေးတော်ပုံ သမိုင်း တကယ်တော့ ၈၈၈၈ အရေးတော်ပုံမှာ စစ်တပ်ဟာ သေနပ်မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပစ်မယ်လို့ ဦးနေဝင်းက စိမ်ခေါ်ခဲ့တာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံမှာတုန်းကလည်း ဦးနေဝင်းက “ဓားကို ဓားခြင်း လှံကိုလှံခြင်း ဆိုင်ရန်သာရှိတော့တယ်” လို့ စိန်ခေါ်ခဲ့ဘူးတာပါ။  ကျနော့် အင်္ဂလိပ်စာဆရာဖြစ်တဲ့ ဇူလိုင် ၇ ရက် အရေးတော်ပုံ ကျောင်းသားဟောင်းတယောက်ဟာ နှစ်တိုင်း ဇူလိုင်လဆန်း ရောက်လာပြီဆိုရင် သူ့ရဲ့ ရွှင်ပြလေ့ရှိတဲ့ မျက်ဝန်းတွေဟာ မှိုင်းမှိုင်းမှုန်နေတတ်တာကို သတိထားမိခဲ့ဘူးတယ်။ သူဟာ ဇူလိုင် ၅ ရက် ၆ ရက် ရောက်လာရင် စကားတောင် လုံး၀ မပြောတော့ဘူး။ သူ့နားကပ်သွားရင် ဆဲဗင်းဂျူလိုင်၊ ဆဲဗင်းဂျူလိုင်၊ ဆဲဗင်းဂျူလိုင် ဆိုပြီး ရေရွတ်နေလေ့ရှိတယ်။ ဆရာရယ် 7 July ဆိုတာ ဘာလဲလို့ သူ့ကို မေးပြန်ရင်လည်း လူကို စိမ်းမိမ်းပြန်ကြည့်ပြီး ဟိုဘက်သာလှည့်သွားတယ်။ စကားမေးမရခဲ့။ ဒီအခါ ကျနော်ကိုယ်တိုင်လည်း ဆဲဗင်းဂျူလိုင်် Seven July ဆိုတာကိုသာ ရွတ်နေမိတော့တယ်။ ၁၉၈၀ နှစ်များဆီကပေါ့။ ၁၉၈၈ အရေးတော်ပုံကာလ ဟောပြောပွဲတွေမှာ (ဇူလိုင် ၇ ရက် ကျောင်းသားသွေးမြေကျ အရေးတော်ပုံ သမိုင်း) ကို ဆရာက ဟောပြောတယ်။ သမိုင်းပျောက်ရာက ပြန်ပေါ်လာပြီလေ။ ကျနော်တို့ဆရာ ဇူလိုင် ၇ ရက် အရေးတော်ပုံ ကျောင်းသားဟောင်း ကိုယ်တိုင်ကြုံ ပြန်လည်ဟောပြောခဲ့တာတွေက များပါတယ်။ သူဟောပြောတိုင်း ကျနော်ပါခဲ့တာမို့ သူ့ပြောကြားချက်တွေကို ကျနော် ပြန်ရေးမှတ်ထားပါတယ်။ ဒီနေ့ ၅၈ နှစ်မြောက် ဇူလိုင် ၇ ရက် အရေးတော်ပုံနေ့မှာ ပြန်ရေးပြလိုက်ပါတယ်။ ပြီးတော့ ကိုအောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းစာအုပ်နဲ့ တခြား ဇူလိုင် ၇ ရက်အကြောင်းဆောင်းပါးတွေ၊ ရေဒီယို တီဗွီအင်တာဗျူးတွေကိုလည်း ကိုးကားပြီး ဒီစာကို ရေးပါတယ်။   တကသနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်မှာ ဆောက်ခဲ့တာပါ။ အင်္ဂလိပ်တို့က နယ်ချဲ့လက်ဝေခံ ကျောင်းသားခေါင်းဆောင်လေးတွေ ဖြစ်အောင် ပြုစုပျိုးထောင်တဲ့ နေရာတခု လုပ်ခဲ့တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ ကျောင်းသားတွေက နယ်ချဲ့ကို ဆန့်ကျင်တဲ့ နေရာတခုဖြစ်အောင် တကသကို ဖန်တီးလိုက်ကြပါတယ်။ ဖဆပလ အစိုးရလက်ထက်မှာလည်း ကျောင်းသားထုအရေး အစိုးရကို တောင်းဆိုရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။ ၁၉၅၆ ခု စိန်ပေါ ခုနစ်တန်းကျောင်းသား ဟယ်ရီတန်သေဆုံးခဲ့မှု အရေးအခင်း ဖြစ်ခဲ့ပါတယ်။ သတ္တမတန်းအစိုးရစစ် စာမေးပွဲ မေးခွန်းပေါက်ကြားလို့ စာမေးပွဲကို ပယ်ဖျက်လိုက်ရာက ကျောင်းသားတွေဆန္ဒ ပြခဲ့တာပါ။ ရဲက သေနတ်ပစ်လို့ ဟယ်ရီတန် သေဆုံးသွားခဲ့ပါတယ်။ ဒီပြဿနာကို တကသ၊ ဗကသ ကျောင်းသားတွေနဲ့တွေ့ဆုံပြီး ကျောင်းသားထု တောင်းဆိုချက်ကို ဝန်ကြီးချုပ် ဦးနုက လိုက်လျောခဲ့ဘူးပါတယ်။ ကျောင်းသားနဲ့ အစိုးရ ညှိနိုင်း ဆွေးနွေးတဲ့ ရလဒ်သမိုင်းပါ။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံကျတော့ ဒီလို မဟုတ်တော့ပါဘူး။ ၁၉၆၂ စစ်အာဏာသိမ်းရာကအစ ကျောင်းသားထု အန်တုပွဲ ၁၉၆၂ မတ်လ ၂ ရက် ဗိုလ်ချုပ်နေဝင်း တော်လှန်ရေးကောင်စီ အာဏာသိမ်းတာကို မတ်လ ၄ ရက်မှာ တကသ ၊ ရကသ၊ ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်တယ်။ ၁၉၆၂ မေ ၉ ရက်နေ့ တော်လှန်ရေး ကောင်စီက ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ် အက်ဥပဒေတွေကို ရုပ်သိမ်းခဲ့တယ်။ မေလ ၁၀ ရက်မှာ ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေ ပါတဲ့ တက္ကသိုလ် အမှုဆောင်ကောင်စီကို ဖျက်သိမ်းပြန်တယ်။ ပါမောက္ခချုပ် ဒေါက်တာသာလှကို နုတ်ထွက်ခိုင်းခဲ့ပြီး ဦးကာကို ခန့်လိုက်တယ်။ တက္ကသိုလ်ကောင်စီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဓိပတိအဖြစ် ဗိုလ်မှူးချုပ် သန်းဖေ၊ အဖွဲ့ဝင် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန်တို့ကိုထည့်တယ်။ အရင်က လွတ်လပ်ခဲ့တဲ့ တက္ကသိုလ်ကို စစ်ပုံစံသွင်းလိုက်တာပေါ့။ မေ ၂၂ ရက် ဗိုလ်မှူးချုပ်သန်းဖေ ကွယ်လွန်လို့ သူ့နေရာကို ဗိုလ်လှဟန်တက်လာတယ်။ ဇွန် ၁၈ ရက် အဆောင်နေ ကျောင်းသားတွေကို မတရားချုပ်ချယ်တဲ့ အဆောင် စည်းကမ်း ၂၂ ချက်ထုတ်တယ်။ ကျောင်းဝင်ခွင့်၊ အဆောင်နေခွင့်ရရေး၊ လုံခြုံရေး အုပ်ချုပ်ရေးကော်မတီ ထောက်ခံချက်နဲ့ လျှောက်ရမယ်။ မိဘအုပ်ထိန်းသူ ဝန်ခံကတိနဲ့ ကျောင်းအပ်ရမယ်။ သက်သက်လွတ်စားသူတွေ တစ်ရက် နှစ်ရက် မဟုတ်ဘဲ၊ တစ်နှစ်ပတ်လုံးစားမှ ခွင့်ပြုမယ်။ ည ၈ နာရီထိုးလျှင် အဆောင်အတွင်းမှာ ရှိနေဖို့၊ သုံးကြိမ်ပျက်ကွက်ပါက အဆောင်မှ ထုတ်ရန်၊ အဆောင်မှူး၊ (သို့) လက်ထောက်အဆောင်မှူး စစ်ဆေးချိန် အခန်းတွင်းရှိရန်၊ မရှိပါက အရေးယူရန် စတဲ့ ကျောင်းနဲ့ မအပ်စပ်တဲ့ စည်းကမ်းတွေ ချမှတ်တယ်။ ကျောင်းကို ထောင်လို လုပ်တယ်ဆိုပြီး မကျေမနပ် ဖြစ်ကုန်တာပေါ့။ ၁၉၆၂ ဇူလိုင်လဆန်း ကျောင်းသားထု တုံ့ပြန်ချက် ဇူလိုင်ဆန်း ကျောင်းသားထု အစည်းအဝေးတွေမှာ ဖိနှိပ်ချုပ်ချယ်တဲ့ စည်းကမ်းတွေကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၆၂ ခု ဇူလိုင် ၃ ရက် ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ) က သမဂ္ဂခန်းမမှာ တက္ကသိုလ်ကျောင်းသားထု အစည်းအဝေးလုပ်ပြီး ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေးနဲ့ မတရား အဆောင်စည်းကမ်းတွေ ရုပ်သိမ်းပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတယ်။ ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုသက်နဲ့ တကသဥက္ကဋ္ဌ ကိုဗဆွေလေးတို့က မိန့်ခွန်းပြောခဲ့တယ်။ ဇူလိုင် ၆ ရက် ရွှေဘိုဆောင် အစည်းအဝေးအပြီး အဆောငအပြင်ထွက် လှည့်လည် ဆန္ဒပြပါတော့တယ်။ မကျေမနပ်ဖြစ်နေတဲ့ ကျောင်းသားတွေဟာ ပါမောက္ခ ဦးကာ အိမ်ကို ဝိုင်းဆန္ဒပြ ဟစ်ကြွေးခဲ့ကြတယ်။ ဇူလိုင် ၇  နေ့လယ် တစ်နာရီ သမဂ္ဂအစည်းအဝေးခန်းမှာ ကျောင်းသားထု အစည်းအဝေးကျင်းပတယ်။ ဥက္ကဋ္ဌ ကိုဗဆွေလေး မိန့်ခွန်းပြောတယ်။ ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်တဲ့ စည်းကမ်းအမျိုးမျိုးကို ကန့်ကွက်ကြောင်း တခဲနက် ဆုံးဖြတ်ခဲ့ကြတယ်။ အစည်းအဝေးအပြီး သမဂ္ဂရှေေ့ကနေ ကျောင်းဝင်းထဲ ကြွေးကြော်သံတွေ ကြွေးကြော် လှည့်လည်ဆန္ဒပြခဲ့ပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းငြိမ်းချမ်းချမ်း လူစုခွဲလိုက်ကြတာပါ။ နေ့လယ် ၂ နာရီခွဲလောက် ရဲက တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌ ကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း အပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းလိုက်တယ်။ ကျန်ရဲတွေက တကသကို ဝင်စီးလိုက်ပြီး တချို့က တကသနဲ့ ကပ်လျက် ဦးကာအိမ်ကို ပြေးဝင်နေရာယူလိုက်ကြတယ်။ “ဖမ်းနေပြီ၊ ဖမ်းနေပြီ” ကျောင်းသားတွေ အော်ရင်းဟစ်ရင်း လူစုမိသွားကြတာပေါ့။ ကျောင်းသားတွေက အဓိပတိလမ်း တံခါးကြီးကို ပိတ်ပစ်တယ်။ သထုံဆောင် ဂိတ်တံခါးကို သော့ခတ်ပြီး ပိတ်လိုက်တယ်။ ကျောင်းသားထုက တကသဝင်းထဲဝင်ဖို့ ဆက်လုပ်ကြတယ်။ ဒိုင်းကိုင် ရဲတွေက တန်းစီပိတ်ဆို့ပြီး နံပါတ်တုတ်နဲ့ရိုက်၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ကြတယ်။ ကျောင်းသားတွေရဲ့ ရင်ဘတ်ကို ထိမှန်ပြီး လဲသူလဲ ကွဲသူကွဲ။ ကျောင်းသားတွေက ခဲတွေနဲ့ ပြန်ပစ်တယ်။ ရဲတွေလည်း အထိနာ၊ ကျောင်းသားတွေလည်း သွေးရဲရဲ သံရဲရဲ။ ၁၉၆၂ ဇူလိုင် ၇ ညနေ ပစ်သတ်လေပြီ ရဲတွေက မျက်ရည်ယိုဗုံး ပေါပေါသုံး ကျောင်းသားထုကို ဖြိုခွင်းပေမဲ့ ဘဝတူ ကျောင်းသားတွေရဲ့ သွေးကို မြင်ကြတဲ့အခါ အားလုံး ထိခိုက်ဒဏ်ရာရမှာ မမှုတော့ပါ။ ကျောင်းသားအားများလာတော့ ရဲတွေ ဆုတ်သွားတယ်။  ကျောင်းသားတွေ အောင်ပွဲခံ အော်ဟစ်ကြတယ်။ ညနေ ၄ နာရီ ဗိုလ်နေဝင်း ကိုယ်ရံတော် အထူး တပ်ရင်း ၄ စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့ကနေ ဓမ္မာရုံထိ တပ်ဖြန့် တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်ပြီ။ စစ်သားတွေက စစ်မြေပြင်မှာ အသုံးမပြုဘူးသေးတဲ့ ဂျီသရီး မောင်းပြန် ရိုင်ဖယ်တွေနဲ့ပါ။ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှမြင့်နဲ့ ဒုဗိုလ်မှူးကြီး စိန်လွင်တို့ ရောက်လာကြတယ်။ ကျောင်းသားတွေက ဓမ္မာရုံတည့်တည့် အမရဆောင် ရှေ့တံခါးကို ပိတ်လိုက်ပြီ။ ကျောင်းသားနဲ့ စစ်တပ်ကြား အုတ်တိုင်နဲ့ သံတိုင်စိုက် ဝင်းထရံ ခြားနေတယ်။ အခြေအနေမှာ ငြိမ်သက်သွားပြီး ကျောင်းသားတွေက တက္ကသိုလ် မြက်ခင်းပြင်ပေါ် ဝိုင်းဖွဲ့ စကားပြောသူပြော၊ ထိုင်သူထိုင်၊ ဝရန်တာရှေ့ ထွက်ကြည့်သူကြည့်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးရှိနေကြတယ်။ ဒီလို ငြိမ်သက်နေချိန် နိုင်ငံတော် ကောင်စီဝင် ဗိုလ်မှူးကြီး သိန်းစိန် ကားရောက်လာပြီး ဒုဗိုလ်မှူးကြီး လှမြင့်၊ ဒုဗိုလ်မှူးကြီး စိန်လွင်တို့နဲ့ ရပ်စကားပြောနေတယ်။ ၁၀ မိနစ်လောက်မှာ ဗိုလ်မှူးကြီး သိန်းစိန် ကားထွက်သွားတယ်။ မကြာခင် ဗိုလ်မှူးကြီးမင်းသိန်း ဂျစ်ကားရောက်လာပြီး စိန်လွင် လက်ထဲကို စာရွက်တစ်ရွက် ထည့်ပေးပြီး ပြန်ထွက်သွားတယ်။ အဲ့ဒီနောက် တပ်မှူးတွေက လက်ကိုဝိုင်း သုံးကြိမ် ဝှေ့ယမ်းပြလိုက်တဲ့အခါ အသင့်နေရာယူထားတဲ့ စစ်သားတွေက မောင်းပြန်ရိုင်ဖယ်တွေနဲ့ မန္တလေးဆောင်၊ ရာမညဆောင်၊ အဓိပတိ လမ်းမတစ်လျှောက် ကျောင်းသားထုထဲကို တရစပ် ပစ်ခတ်ကြတော့တယ်။ ပစ်မယ်လို့ မထင်ထားတဲ့ ကျောင်းသားတော်တော်များများ သေကုန်ကြတယ်။ ပြေးလွှားရင်း ထိမှန်ကုန်ကြတယ်။ အဆောင်တွေပေါ် တက်ပြေးကြတာကို လိုက်ပစ်လို့ မန္တလေးဆောင် လှေကားရင်း အလောင်းချင်းထပ်ကုန်ပြီ။ ဘေးဘက် စာကြည့်တိုက် ဝင်းထဲက ရပ်ကြည့်သူတွေကိုပါ ပစ်ခတ်ခဲ့တာမို့ စာကြည့်တိုက်ဝင်းထဲမှာလဲ သေဆုံး ဒဏ်ရာရ ၄၀ လောက်ရှိတယ်။ ၃ - ၄ မိနစ် ပစ်ခတ်ခဲ့တယ်။ တချို့မှာ သမဂ္ဂ အဆောက်အဦးထဲ ဝင်ပုန်းတယ်။ နောက် ဒဏ်ရာရကျောင်းသားတွေကို သမဂ္ဂ အဆောက်အအုံထဲ သယ်လာကြတယ်။ တကသ ရင်ပြင်ရှေ့ ဆန္ဒပြ ကျောင်းသားတွေကို ပစ်ခတ်ခြေမှုန်းအပြီး ကျောင်းဆောင်တွေကို တခန်းခြင်း ဝင်ရောက် ရှင်းကြတယ်။ သမဂ္ဂအဆောက်အအုံကတော့ ဒဏ်ရာရ ကျောင်းသားတွေကို ထည့်လိုက်အပြီး အလုံ ပိတ်လိုက်လို့ ဝိုင်းရုံသာဝိုင်းထားလိုက်ကြတယ်။  ၁၉၆၂ ဇူလိုင် ၈ ရက် သမဂ္ဂအဆောက်အအုံကြီးကို မိုင်းခွဲပြီ ၁၉၆၂ ဇူလိုင် ၇ ရက် ညသန်းခေါင် သမဂ္ဂကို ဖေါက်ခွဲဖို့ ဒိုင်းနမိုက်တွေကို သယ်လာတယ်။ ဖောက်ခွဲရာမှာ လိုအပ် ပမာဏထက် အဆပေါင်းများစွာ ပို၍သုံးခဲ့ပုံရတယ်။ သမဂ္ဂ အဆောက်အအုံမှာ ဒိုင်းနမိုက်တွေကပ်ပြီး ဇူလိုင် ၈ ရက် မနက် ၃ နာရီခွဲ ၄ နာရီလောက်မှာ ဖောက်ခွဲလိုက်တယ်။ သမဂ္ဂ အဆောက်အအုံထဲမှာ ဆံပင်ညှပ်ဆိုင်က ဘကြီးကံသိန်းနဲ့ သမဂ္ဂ စားသောက်ဆိုင်ပိုင်ရှင် ပန်းချီ ဦးနန်းဝေတို့ ရှိကြတယ်။ သူတို့ မိသားစုတွေ သမဂ္ဂမှာ နေကြတယ်။ စစ်ဗိုလ်တွေက ဦးကံသိန်း၊ ဦးနန်းဝေတို့ နာမည်တွေခေါ်ပြီး အသံချဲ့စက်တွေနဲ့ ထွက်ခိုင်းလို့ ထွက်ပေးလိုက်အပြီး မိုင်းခွဲလိုက်တယ်။ အထဲမှာရှိတဲ့ ဒဏ်ရာရ ကျောင်းသားတွေနဲ့ ပုန်းနေသူတွေ အကုန်သေကြတယ်။ သမဂ္ဂကြီးလဲ အုတ်ပုံ ဖြစ်သွားတယ်။ ပန်းချီ ဦးနန်းဝေဟာ ပန်းချီကားတကား သယ်ထုတ်နိုင်ခဲ့ပေမဲ့ သူ့ပန်းချီကား တော်တော်များများ ဗုံးကွဲတဲ့ထဲ ပါသွားတယ်။ စိတ်ခိုက်ပြီး နောက်ပိုင်း သူဟာ ပန်းချီမဆွဲတော့ဘူး။ ဟယ်ရီတန်ရဲ့ သွေးစွန်းဝတ်စုံတွေနဲ့ ကျောင်းသားသမဂ္ဂရဲ့ သမိုင်းဝင်ပစ္စည်းနဲ့ အထိန်းအမှတ် တော်တော်များများ မိုင်းထဲပါသွားတယ်။ အဲ့သည်ည မြန်မာ့အသံက အသံလွှင့်တဲ့အခါ ဗိုလ်နေဝင်းက “တက္ကသိုလ်ကျောင်းသားတွေ စည်းမဲ့ကမ်းမဲ့မို့ အင်အားသုံး ဖြေရှင်းလိုက်တယ်” လို့ ပြောခဲ့ပါတယ်။ “ကျောင်းသားကိစ္စတစ်ခုတည်းမကအမှောင့် ပယောဂပါနေလို့ ဓားကို ဓားခြင်း လှံကိုလှံခြင်း ဆိုင် ရန်သာရှိတော့တယ်” လို့ စိန်ခေါ်ခဲ့ပါတယ်။ အစိုးရ သတင်းထုတ်ပြန်တဲ့အခါ ကျောင်းသား ၁၇ ဦးသာ သေတယ်လို့ ဆိုပါတယ်။ အမှန်က ကျောင်းသား ၁၀၀ ကျော် သေဆုံးခဲ့တာလို့ မျက်မြင်သက်သေတွေက ပြန်ပြောပြခဲ့ကြပါတယ်။ မြောင်းမြက ကျောင်းသား ကိုကျော်ဝင်းဟာ သူ့ခန္ဒာကိုယ် သွေးနဲ့ မန္တလေးဆောင် နံရံမှာ “၇-၇-၆၂ မမေ့ကြနဲ့” လို့ ရေးသွားခဲ့ပါတယ်။ ။ ၁၉၆၃ ဇူလိုင် ကျောင်းပြန်အဖွင့် သမဂ္ဂအဆောက်အအုံ နေရာမှာ ယာယီတဲထိုးပြီး သမဂ္ဂကို ပြန်လည်တည်ထောင်ကြတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့အတူ အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ကျောက်တိုင်တခုလုပ်ပြီး ၇-၇-၆၂ မှာ ကျဆုံးခဲ့တဲ့ ကျောင်းသား ရာကျော်အတွက် ရည်စူးတဲ့ “ရာကျော်ကျောက်တိုင်” ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အအုံကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ ရာကျော်ကျောက်တိုင်နဲ့ သမဂ္ဂ ယာယီတဲလည်း ထပ်မံ ဖျက်ဆီးခံခဲ့ရပါတယ်။ နောက်ပိုင်း မဆလ၊ နဝတ၊ နအဖခေတ် တလျောက်လုံး ဆဲဗင်းဂျူလိုင် သမိုင်းကို ပြောဆို ရေးသား အခမ်းအနားလုပ်ခွင့် မရခဲ့ကြဘဲ ၂၀၁၀ ခုနှစ်နောက်ပိုင်းကျမှ ဇူလိုင် ၇ ရက် အရေးတော်ပုံ အခမ်းအနား နှစ်ပတ်လည်နေ့တွေ ကျင်းပခွင့်ရလာကြတယ်။ ဒီနေ့ ၅၈ နှစ်ရှိပြီ။ ၇-၇-၆၂ ကို မမေ့ကြနဲ့။ ။ မောင်တူး
10 months Ago
Up