၅၄ ဦး သေဆုံး

November 3, 2019

မာလီ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရ၊ ၅၄ ဦး သေဆုံး

အနောက်အာဖရိက ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ မာလီနိုင်ငံရဲ့ မြောက်ပိုင်းမှာ စစ်တပ် အခြေစိုက်စခန်းတခု ဝင်တိုက်ခံရတာကြောင့် အရပ်သား ၁ ယောက်နဲ့ စစ်သည် ၅၃ ယောက် သေဆုံးတယ်လို့ အစိုးရ ပြောခွင့်ရက နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။ နိုဝင်ဘာ ၁ ရက်က တိုက်ပွဲဟာ လတ်တလော နှစ်တွေအတွင်း မာလီနိုင်ငံမှာ လူသေအများဆုံး တိုက်ပွဲတွေထဲကတခုပါ။ အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာ သတ်မှတ် ခွဲခြားနေဆဲမို့ သေဆုံးသူ အရေအတွက် အပြောင်းအလဲ ရှိနိုင်ပါတယ်။  အစွန်းရောက်ဝါဒီတွေကို နှိမ်နင်းတဲ့ Barkhane စစ်ဆင်ရေးကို ပြင်သစ်စစ်တပ်နဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်တွေက ပူးပေါင်းထောက်ပံ့ပေးနေတယ်လို့ မာလီအစိုးရ ပြောခွင့်ရ ယာယာ စန်ဂါရေက ပြောပါတယ်။ စက်တင်ဘာ နှောင်းပိုင်းက ဘာသာရေး စစ်ဝါဒတွေရဲ့ စီးနင်းမှုတွေဟာ ဒေသတွင်း လှုပ်ရှားနေတဲ့ လက်နက်ကိုင် အုပ်စုတွေရဲ့ လက်လှမ်းကျယ်လာမှုနဲ့ ရှုပ်ထွေးမှုတွေ တိုးလာနေတာကို ပြနေတယ်လို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။ အယ်လ်ကိုင်းဒါးတွေနဲ့ အိုင်အက်(စ်) စစ်သွေးကြွတွေ အပါအဝင် အုပ်စုတွေဟာ မာလီနိုင်ငံထဲက ခြေကုပ်စခန်းတွေကနေပြီး ဆာဟာရဒေသတလွှား ဖြန့်ကြက်နေရာယူရင်း နိုက်ဂျာနဲ့ ဘာကီနာဖှာဆို နိုင်ငံတွေရဲ့ အစိတ်အပိုင်းတွေမှာ မတည်မငြိမ် ဖြစ်အောင် လုပ်နေကြတာပါ။ စက်တင်ဘာ ၃၀ ရက်ကလည်း မာလီအလယ်ပိုင်းက စစ်တပ် တပ်ရင်း ၂ ရင်းကို ညှိနှိုင်း တိုက်ခိုက်မှုကြောင့် မာလီစစ်သည် ၃၈ ယောက် ကျဆုံးခဲ့ပါသေးတယ်။
2 years Ago
Up