၅၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် တိုက်ပွဲဆက်ဖြစ်

January 12, 2016

၅၃ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် တိုက်ပွဲဆက်ဖြစ်

ဇန်န၀ါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသားတွေရဲ့ ၅၃ နှစ်ပြည့် တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် တပ်မဟာအလိုက် အနည်းဆုံး နေရာ ၄ ခုမှာခွဲပြီး သီးခြားစီ အခမ်းအနားတွေ ကျင်းပပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြန်ကြားရေးမှူး မိုင်အိုက်ကျော်က “အရင်ကတော့ ကျနော်တို့ စုပေါင်းပြီးမှ လုပ်တာပေါ့နော်။ ဒီနှစ်မှာကျတော့ ကျနော်တို့ ခွဲပြီးမှ တပ်မဟာ ၄ ခုမှာ ကျင်းပပါတယ်။ တပ်မဟာ ၁၊ ၂၊ ၃၊ ၅ နယ်မြေတွေမှာ ခွဲပြီး ကျင်းပတာပေါ့နော်။ အဓိကကတော့ ကျနော်တို့လူထုတွေ သွားချင်လာချင်တဲ့အတွက် နေရာဒေသက ဝေးတဲ့အတွက် သူ့တပ်မဟာအလိုက် သွားလို့ရအောင် နေရာ ၄ ခုခွဲပြီး ကျင်းပတာဖြစ်တယ်။ ကျနော်တို့ ဒီ ရှေ့ဆက်ပြီးတော့ ကျနော်တို့လိုလားတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ဖို့အတွက်၊ ကျနော်တို့ တအာင်းတမျိုးသားလုံး လွတ်မြောက်ဖို့အတွက်ရယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရဖို့အတွက်ရယ် ဆက်လက်ပြီးမှ ကြိုးပမ်းဆောင်ရွက်ဖို့၊ ကျနော်တို့ လူထုတွေ အားလုံး ပါဝင်ဆောင်ရွက်သွားဖို့ ပန်ကြားပါတယ်။” တော်လှန်ရေးအခမ်းအနားကျင်းပတဲ့ တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ဟိုပုံကျေးရွာ အနီးမှာ ဒီကနေ့မွန်းလွဲပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ) တပ်ရင်း ၄၄၇/၃၃၅ နဲ့  မြန်မာ့တပ်မတော် တပ်မ ၉၉ တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့လည်း တအာင်းဘက်က သတင်းထုတ်ပြန်ထားပါတယ်။ အလားတူ တပ်မဟာ ၃ နယ်မြေ၊ နမ္မတူမြို့နယ်၊ ပန်ကွတ်ကျေးရွာ အနီးမှာလည်း ဒီနေ့ညနေ ၃ နာရီလောက်က တီအန်အယ်လ်အေ တပ်ရင်း ၇၇၃ နဲ့ မြန်မာ့တပ်မတော်တို့ နှစ်ဘက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်ဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မှာ ပါဝင်လက်မှတ်ထိုးခြင်း မရှိသေးသလို ဒီကနေ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုလည်း တက်ရောက်ခြင်း မရှိပါဘူး။
7 years Ago
Up