၅၀၀

December 5, 2020

ကြိုတင်မဲထည့်ရန်စာအိတ် သိန်း ၁၃၀ ကျော်အတွက် ကျပ်သိန်း ၂,၅၀၀ ခန့် သုံးစွဲခဲ့

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ကြိုတင်မဲထည့်ဖို့စာအိတ်ပေါင်း သိန်း ၁၃၀ ကျော်အတွက် ကျပ်သိန်း ၂,၅၀၀ လောက်သုံးစွဲခဲ့ပြီး မဲလက်မှတ်တွေအတွက် ကျပ် သိန်းပေါင်း ၄၀,၀၀၀ ကြိုတင်ပေးချေထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကို အပ်နှံပြုလုပ်စေခဲ့တာဖြစ်ပြီး စာရင်းတွေအရ ၁၀ လက်မ ၇ လက်မအရွယ် စာအိတ်အကြီးတလုံးအတွက် ၃၀ ကျပ်၊ ၇ လက်မ ၅ လက်မအရွယ် စာအိတ်အသေးတလုံးအတွက် ၁၄ ကျပ်ခွဲကုန်ကျခဲ့တာပါ။ ရွေးကောက်ပွဲကျင်းပဖို့ စတင်ကြေညာခဲ့တဲ့ မဲဆန္ဒနယ်တွေ အားလုံးအတွက်လွှတ်တော် တရပ်ချင်းစီမှာ လုံလောက်အောင် ဆန္ဒမဲလက်မှတ်တွေ၊ ကြိုတင်ဆန္ဒမဲလက်မှတ်တွေအတွက် စာအိတ်တွေ အပ်နှံရတာလို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ အပ်နှံခဲ့တဲ့ စာအိတ်အရေအတွက်ကတော့ စာအိတ်အကြီးလုံးရေ ၃၂ သိန်း၊ အသေးလုံးရေ ၁၀၃ သိန်းဖြစ်ပြီး ကျသင့်ငွေက ၂,၄၅၃ သိန်း ဖြစ်ပါတယ်။ ဆန္ဒမဲလက်မှတ်တွေအတွက်ကတော့ ကျပ်သိန်း ၄ သောင်း ကြိုတင်ပေးချေထားပြီး ပြည်သူ့လွှတ်တော်အတွက် ၄၄,၁၆၉,၃၄၄ ရွက်၊ အမျိုးသားလွှတ်တော်အတွက် ၄၄၁၄၈၂၂၉ ရွက်၊  တိုင်းနဲ့ပြည်နယ်လွှတ်တော်အတွက် ၄၃,၂၉၅,၃၇၄ ရွက်နဲ့ တိုင်းရင်းသားလူမျိုးလွှတ်တော်အတွက် ၇,၇၁၈,၁၇၃ ရွက် ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၇၊ ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ သုံးခဲ့တဲ့ ဆန္ဒမဲလက်မှတ်တွေနဲ့ ကြိုတင်ဆန္ဒမဲပေးရာမှာသုံးတဲ့ စာအိတ်အသေး၊ အကြီးတွေကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနဆီကိုပဲ အပ်နှံခဲ့တာလို့ ကော်မရှင်က ဆိုပါတယ်။
12 months Ago

August 29, 2020

စကော့တလန်က ကမ္ဘာ့ဈေးအကြီးဆုံး သိုး 

စကော့တလန်မှာ သြဂုတ် ၂၇ ရက်က တက်ဆယ် (Texel) သိုးတစ်ကောင်ကို  ပေါင်ငွေ ၃၆၇, ၅၀၀နဲ့ ကမ္ဘာ့ဈေးအကြီးဆုံး တင်ပြီး ရောင်းချခဲ့ပါတယ်။   ဂလက်စကိုမြို့အနီး လန်းနာ့ခ်မှာလုပ်တဲ့ လေလံပွဲအတွင်း  Double Diamond ဆိုတဲ့ တက်ဆယ်သိုးဟာ ဈေးပြိုင်နှုန်းအမြန် မြင့်သွားခဲ့ပါတယ်။     Double Diamond ကို ကနဦးဈေးပြိုင် ပေါင် ၁၀,၀၀၀  ကနေ စခေါ်ခဲ့ပြီးနောက်  ယာသမား ၃ ယောက်အဖွဲ့က  ဂီနီငွေ သုံးသိန်းခွဲ  (ပေါင်ငွေ ၃၆၇, ၅၀၀ ) နဲ့ ဝယ်ယူခဲ့တာပါ။ Double Diamond ကို Greater Manchester မှာနေတဲ့ သိုးမွေးသမား ချာလီ ဘိုဒန်က ရောင်းချခဲ့တာပါ။   ပုံမှန်အားဖြင့် တက်ဆယ်မျိုးသိုးကို သောင်းဂဏန်းနဲ့သာ ရောင်းချတတ်တယ်လို့လည်း  ဗြိတိန်တက်ဆယ်သိုးအဖွဲ့အစည်းက ဆိုပါတယ်။  တက်ဆယ် သိုးတွေဟာ နယ်သာလန်ကမ်းလွန် ကျွန်းငယ်တခုက မျိုးဖြစ်ပြီး  သူတို့ဟာ  စကော့တလန်ဆောင်းကို ကြံ့ကြံ့ခံနိုင်တာမို့ ဗြိတိန်မှာ လူကြိုက်များကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago
Up