၎ လောင်းပြိုင် လူသတ်မှု

August 29, 2016

၎ လောင်းပြိုင်လူသတ်မှု မသင်္ကာသူများကို တွေ့ရှိပါက ဆက်သွယ်ရန် ရဲတပ်ဖွဲ့ ထုတ်ပြန်

မင်္ဂလာဒုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၄ လောင်းပြိုင်လူသတ်မှုနဲ့ပတ်သက်ပြီး မသင်္ကာသူ ၃ ဦးကို တွေ့ရှိပါက ကူညီသတင်းပေးဖို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်နေ့က မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ အုပ်စု၊ ပတ္တမြားမြို့သစ် ရပ်ကွက်၊ အေးချမ်းလမ်းတွင်နေထိုင်သူ ဦးစိုးနောင်နဲ့ ဇနီးဖြစ်သူ မချယ်ရီပွင့်၊ သားဖြစ်သူ မောင်ဟန်သူရနဲ့ မောင်စွမ်းထက်မြက်တို့ ၄ ဦး သေဆုံးခဲ့ကြတဲ့အမှုကို ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၅၀၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ပြီး အမှုမှန်ပေါ်ပေါက်စေရေး အပူတပြင်း စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။ သေဆုံးသူ မချယ်ရီပွင့်ရဲ့ လက်ကိုင်ဖုန်းအတွင်း ရိုက်ကူးထားတဲ့ မသင်္ကာသူ ၃ ဦးရဲ့ ဓာတ်ပုံကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရှိ မြို့နယ်/ရဲစခန်းတွေကို စုံစမ်းပေးဖို့ ဖြန့်ဝေထားပြီး အခြားပြည်နယ်/တိုင်းဒေသကြီးရှိ ရဲတပ်ဖွဲ့တွေ ကူညီစုံစမ်းပေးရန် ဖြန့်ဝေထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပြည်သူတွေအနေနဲ့  ဓာတ်ပုံပါ မသင်္ကာသူ ၃ ဦးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစုံတရာတွေ့ရှိပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူရုံးရှိ သတင်းလက်ခံဌာန 199 Call Centre ဖုန်း အမှတ် ၁၉၉၊ ၀၁-၂၃၂၃၁၉၉ ကို ဆက်သွယ်သတင်းပေးပို့နိုင်ပြီး ပူးပေါင်းကူညီပေးနိုင်ဖို့နဲ့ သတင်းပေးပို့သူရဲ့ လုံခြုံရေးကို လျှို့ဝှက်ထားမယ်လို့ ကြေညာထားပါတယ်။
5 years Ago
Up