၄ ဦးသေဆုံး

A d v e r t i s e m e n t With Us

December 24, 2020

ဖားကန့်တွင် ကျောက်မျက်လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျမှုကြောင့် ၄ ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် မော်ဝမ်းလေး ကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ကျောက်စိမ်းလုပ်ကွက်ဟောင်း ကမ်းပါးပြိုကျခဲ့တာကြောင့် တနိုင်တပိုင်ကျောက်စိမ်းတူးသူ ၄ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မော်ဝမ်းလေး ကျေးရွာအုပ်ချုပ်ရေးရုံးက သိရပါတယ်။ ကျောက်စိမ်းတောင်ကုမ္မဏီရဲ့ လုပ်ကွက်ဟောင်း ကမ်းပါးပြိုကျခဲ့တာဖြစ်ပြီး လုပ်ကွက်ကမ်းပါးပေါ်မှာ ကျောက်စိမ်းတူးဖော်နေသူ ၅ ဦး မြေစာရိုက်ချခံခဲ့ရတာလို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။  ပြိုကျမှု အနားရှိတဲ့ ကျင်းသား မောင်ဆိုင်းနော်က "သူတို့က အောက်ကတူးနေတဲ့အချိန် အပေါ်ကမ်းပါးက ကြံဘတ် (ပတ်ကြားအက်) ပဲ့ကျပြီး သူတို့အပေါ်ပြုတ်ကျတာ။ လူတွေ ဒလိမ့်ကောက်ကွေး အောက်လိမ့်သွားတာ။ အောက်ရေထဲပြုတ်ကျတာ သုံးယောက်တော့ တွေ့လိုက်တယ်။ တစ်ယောက်ကတော့ မသေဘူး။ နောက်တစ်ယောက်ကတော့အပေါ်မှာ မြေစာဖုံးနေတာဖြစ်မယ်၊ ရေထဲကျလာတာမတွေ့ရဘူး" လို့ သူမြင်ခဲ့ရတာကို ပြောပါတယ်။ အမြင့်ပေ ၃၅၀  လောက်က ပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ရုပ်အလောင်းတွေကို ချက်ချင်းရှာဖွေ ကယ်ဆယ်ဖို့ မဖြစ်နိုင်ဘူးလို့ မြေပြိုရာကို ရောက်ရှိနေသူ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။  ကယ်ဆယ်ရေးတာဝန်ရှိသူတဦးက "ပြုတ်ကျပြီး ရေထဲမြုပ်သွားပြီလေ၊ ရေကလည်း ပေပေါင်းရာနဲ့ချီ နက်တယ်။ ဘယ်သူမှလည်း ရေငုတ်မရှာရဲဘူး၊ ပုတ်ပြီး ရေပေါ်ပေါ်လာမှပဲ ဆယ်လို့ ရမယ်ဗျ" လို့ ပြောပါတယ်။ မြေပြိုကျမှုကြောင့် သေဆုံးသူတွေဟာ မော်ဝမ်းလေးကျေးရွာကဖြစ်ပြီး ဒဏ်ရာရခဲ့သူ ၁ ဦးကိုတော့ ဖားကန့်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ လုပ်ကွက်ကမ်းပါးပြိုကျမှုနဲ့ မြေပြိုမှုတွေ နှစ်စဉ် ဖြစ်ပေါ်နေခဲ့တာပါ။  အခု  ၂၀၂၀ ခုနှစ်အတွင်းမှာ ဖော်ပြပါဖြစ်စဉ်မျိုး ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒီဇင်ဘာလအတွင်းမှာပဲ အခုဖြစ်စဉ်အပါအဝင် ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၈ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။ ဇူလိုင်လ ၂ ရက်နေ့ကလည်း ဝေခါကျေးရွာအနီး ဧရာရတနာကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျခဲ့မှုကြောင့် ကျောက်တူးသမား ၁၇၂ ယောက်သေဆုံးခဲ့ပြီး ၃၇ ဦးဒဏ်ရာရခဲ့ပါတယ်။  အဆိုပါဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အစိုးရက ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကို ၂၀၂၁ ဇန်နဝါရီလကုန်ထိ ရပ်နားဖို့ အမိန့်ထုတ်ထားပါတယ်။  ဖားကန့်ဒေသဟာ ကိုဗသ်-၁၉ ကူးစက်မှုများပြားနေတာကြောင့် ကျန်းမာရေးဝန်ကြီးဌာနက Stay at Home အမိန့်ထုတ်ထားတာလည်း ဖြစ်ပါတယ်။ ဇော်မိုးထက် (ဖားကန့် )
1 month Ago

June 20, 2020

ပါကစ္စတန်တွင် ၃ ကြိမ်ဆက် ပေါက်ကွဲမှုဖြစ်၊ စစ်သား ၂ ဦးအပါအဝင် ၄ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ခရိုင်မှာ ဇွန်လ ၁၉ ရက်က ၃ ကြိမ်ဆက်တိုက် ပေါက်ကွဲမှု အတွင်း စစ်သား ၂ ယောက်အပါအဝင် လူလေးယောက် သေဆုံးခဲ့ပြီး လူ ၁ ဒါဇင်ထက်မနည်း ဒဏ်ရာရတယ်လို့ အရာရှိတွေက ပြောပါတယ်။  ဒီဖောက်ခွဲမှုကို ပါကစ္စတန်ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ လူသိနည်း ခွဲထွက်ရေးအုပ်စု ဆင်ဒူဒက်ရှ်တော်လှန်ရေးတပ်က သူတို့ လုပ်တာလို့ အခိုင်အမာ ပြောထား ပါတယ်။  ပေါက်ကွဲမှုတရပ်က ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့နဲ့ ဆင်းဒ်ခရိုင်ရဲ့ မြို့တော် ကရာချိမှာ ဖြစ်ပြီး အရပ်သား တယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရပါတယ်။ ပစ်မှတ်ဟာ ဆင်းဒ်ခရိုင် အရံတပ်ရင်း ရိန်းဂျားကွန်မန်ဒိုအဖွဲ့ရဲ့ကားလို့ ရဲတွေက ယုံကြည်ပါတယ်။ ဒုတိယပေါက်ကွဲမှုဟာ ကရာချိမြောက်ဘက် ကီလိုငါးရာအကွာ ဂိုတ်ခီခရိုင်မှာဖြစ်ပြီး ကွန်မန်ဒို စစ်သည် ၂ ယောက်နဲ့ လမ်းသွားလမ်းလာ တယောက် သေဆုံးတယ်လို့ ခရိုင်ရဲချုပ်က ပြောပါတယ်။ တတိယပေါက်ကွဲမှုက ဆင်းဒ်ခရိုင် လာခါနာမြို့ထဲမှာဖြစ်ပြီး သေဆုံး ဒဏ်ရာရသူ စာရင်းကို မသိရသေးပါဘူး။  ပါကစ္စတန်ရိန်းဂျားတပ်ဟာ စစ်တပ်ရဲ့လက်ရုံးတပ်ဖွဲ့ဖြစ်ပြီး နိုင်ငံတလွှားမှာ တပ်ချ ထားတဲ့ အပြင် စစ်သွေးကြွတွေနဲ့ ရာဇဝတ်သားတွေကို နှိမ်နင်းရာမှာ ထင်ရှားတဲ့ အခန်းကဏ္ဍမှာ ပါပါတယ်။ သောကြာနေ့ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ ဆင်းဒ်ခရိုင်ဝန်ကြီးချုပ်က အမိန့်ထုတ် ထားပါတယ်။ 
7 months Ago
More News
Up