၄ လပြည့်

July 3, 2021

ကဗျာဆရာ ကေဇဝင်းကျဆုံးခြင်း ၄ လပြည့် ကျေးရွာပေါင်းစုံသပိတ် စစ်အာဏာရှင်အား ချီတက်ဆန္ဒပြ

ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေက ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ၁၁၅ ရက်မြောက်နေ့အဖြစ် ဇူလိုင်လ ၃ ရက်နေ့က စုဝေးချီတက်ခဲ့ကြပါတယ်။ 

ဒီနေ့က ကဗျာဆရာ ကေဇဝင်းကျဆုံးခြင်း ၄ လပြည့်နေ့လည်း ဖြစ်ပါတယ်။ ကဗျာဆရာကေဇဝင်းက မုံရွာမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုတိုက်ပွဲမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ သတ်ဖြတ်ခံခဲ့ရတာပါ။

သူ့ကို သတိရအောက်မေ့တဲ့အနေနဲ့ သူရေးခဲ့တဲ့ ကဗျာထဲက စာသားဖြစ်တဲ့ "ခင်ဗျားတို့နဲ့ ကျနော်ကွဲလွဲခဲ့လည်း ကျနော်ခင်ဗျားတို့အတွက် အသက်ပေးမှာပါ…” ဆိုတဲ့ စာသားတွေကို ကိုင်ဆောင်ကာ ချီတက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

မုံရွာဒေသမှာ စစ်အာဏာရှင်ကို ဆန့်ကျင်‌ရင်း ကျဆုံးသူ ကဗျာဆရာ စုစုပေါင်း ၃ ဦးရှိပြီဖြစ်ပါတယ်။ 

ဒေသတွင်းမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်လာနေသလို စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးပိတ်ဆို့မှုတွေရှိပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကတော့ အရှိန်လျော့ကျမသွားဘဲ ဆက်လက်ချီတက်နေကြဆဲဖြစ်ပါတယ်။ 

ဒါ့အပြင် ဇူလိုင်လ ၁ ရက်နေ့ကစတင်ကာ ဘုတလင်၊ ကနီ၊ မင်းကင်း၊ ဒီပဲယင်း၊ ကောလင်း စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

7 months Ago
Up