March 21, 2020

အီတလီတွင် ကိုရိုနာကြောင့် တရက်တည်း ၆၂၇ ဦးသေဆုံး၊ ၄၀၀၀ ကျော်အထိ မြင့်တက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီနိုင်ငံမှာ စုစုပေါင်းသေဆုံးသူ အရေအတွက် ၄,၀၃၂ ဦး အထိ မြင့်တက်လာပါတယ်။  အီတလီမှာ မတ်လ ၂၀ ရက် တနေ့တည်းတင်  ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၂၇ ဦးအထိ စံချိန်တင် မြင့်တက်ခဲ့တာပါ။   ဥရောပတဝှမ်း ကိုရိုနာဗိုင်းရပ်စ် အဆိုးရွားဆုံးဖြစ်နေတဲ့ အီတလီမှာ ကူးစက်ခံရသူ အရေအတွက်ဟာ ၄၇,၀၂၁ ဦး ရှိပါတယ်။  ကိုရိုနာဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်နေတဲ့ လွမ်ဘာဒီမြို့ကို ကူညီဖို့   ကျူဘားနိုင်ငံက မတ်လ ၂၀ ရက်မှာ ဆရာဝန်နဲ့ သူနာပြု ၅၃ ဦး စေလွှတ်ခဲ့ပါတယ်။  ဒါ့အပြင်  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ကူညီဖို့ ကျူဘားဆရာဝန်တွေဟာ တောင်အမေရိက ဆာရီနမ်နိုင်ငံနဲ့ စပိန်နိုင်ငံ  ဂရန်နာဒါမြို့ဆီကို ထွက်ခွာသွားပါပြီ။  လက်ရှိ ကျူဘားနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ ဦး အထိ ရှိပါတယ်။ ကျူဘားမှာ ကိုရိုနာဗိုင်းရပ်စ်ကို  အီတလီကမ္ဘာလှည့် ခရီးသွားတွေဆီကနေ ပထမဆုံးတွေ့ ခဲ့တာပါ။  မြို့တော်ဟာဗားနားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသက် ၆၁ နှစ်အရွယ် အီတလီ ကမ္ဘာ လှည့်ခရီးသည် တဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
2 years Ago
Up